AD
AD
AD

စပိန်လာလီဂါမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလားရယူဖို့ ရည်မှန်းထားတဲ့ ဘာစီလိုနာအသင်းဟာ မနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာတော့ လီဗန်တေးအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ရယူနိုင်ရေး အိပ်မက် ပျက်စီးသွားခဲ့ရပြီ ဖြစ်ပါတယ်။ အဆိုပါပွဲဟာ နှစ်သင်းပေါင်း သွင်းဂိုးဟာ (၉)ဂိုးအထိ ရှိခဲ့ပြီးတော့ လီဗန်တေးအသင်းက အိမ်ကွင်းမှာ ခြေစွမ်းပြအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

play

 

လီဗန်တေးကစားသမား အီမန်နျူရယ်ဘိုတန်ရဲ့ ဟက်ထရစ်သွင်းဂိုး၊ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ဟိုရဲ့ ဟက်ထရစ် သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပြီးတော့ လီဗန်တေးအသင်းဟာ ဘာစီလိုနာကို (၅-၁) ဆိုတဲ့ ရလာဒ်ထွက်ပေါ်နေတဲ့အထိကို အသာစီး ရယူပြီးတော့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကတော့ ချေပဂိုးတွေ လိုက်လံသွင်းယူခဲ့ပေမယ့် လုံလောက်တဲ့ သွင်းဂိုး မရခဲ့တာကြောင့် အဝေးကွင်းမှာ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

play

 

ပွဲမစတင်မီမှာတော့ ဘာစီလိုနာအသင်းကို လီဗန်တေးအသင်းက လက်ခုပ်တီးဂုဏ်ပြုကြိုဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘာစီလိုနာ အသင်း ကတော့ လာလီဂါမှာ ပွဲစဉ် (၃၆)ပြီးတဲ့အထိ ရှုံးပွဲမရှိ ရပ်တည်နိုင်ခဲ့ပေမယ့် ရာသီကုန်ဆုံးဖို့ (၂)ပွဲအလိုမှာ ပထမဆုံးရှုံးပွဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရှုံးချက်နာခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ပြည်တွင်းဖလား (၂)လုံး ဆွတ်ခူးပြီးဖြစ်ပေမယ့် ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလားရယူနိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

ပွဲကစားချိန် (၉)မိနစ်မှာကတည်းက လီဗန်တေးအသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးတော့ မိနစ် (၃၀) မှာ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်တင်ဟိုက (၃၈) မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗန်တေးအသင်းဟာ ပွဲချိန် (၄၆) မိနစ်၊ (၄၉)မိနစ် နဲ့ (၅၆) မိနစ်တို့မှာ ဆက်တိုက်ဂိုးသွင်းယူခဲ့ပြီး (၅-၁) ဆိုတဲ့ ရလာဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ကော်တင်ဟိုကတော့ (၅၉) မိနစ် နဲ့ (၆၄) မိနစ်မှာ နှစ်ဂိုးဆက်တိုက်ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ (၇၁)မိနစ်မှာတော့ ဆွာရက်ဇ်က ပယ်နယ်တီမှ တဆင့် ချေပဂိုးထပ်ယူနိုင်ခဲ့ပေမယ့် လက်ကျန်ပွဲကစားချိန် မိနစ် (၂၀) ခန့်ကိုတော့ ဘာစီလိုနာအသင်း နောက်ထပ်တစ်ဂိုး မရရှိတော့ပဲ ပွဲအပြီးမှာတော့ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

play

 

လီဗန်တေးအတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့ပြီး ဒီနှစ် လာလီဂါမှာ ဘာစီလိုနာကို ပထမဆုံးအနိုင်ရခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ် ရှုံးပွဲတွေ့အောင်လည်း စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD