AD
AD
AD

လာမယ့် တနင်္ဂနွေနေ့နံနက် မြန်မာစံတော်ချိန် (၁း၁၅) နာရီမှာတော့ လီဗာပူးလ် နဲ့ ရီးရဲလ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ကစားကြ တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံလိဂ်ဆုဖလားကို (၂)သင်းပေါင်း (၁၇) ကြိမ် ဆွတ်ခူးထားတဲ့ အသင်းနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက်ကတော့ (၆) ကြိမ်မြောက်ဆုဖလားကို ရရှိဖို့ ကြိုးစားရမှာဖြစ်ပြီး ရီးရဲလ်က (၃)နှစ်ဆက် ဆုဖလားရရှိနိုင်ဖို့ ကြိုးစားရမှာပါ။ နှစ်သင်းစလုံးအတွက် ဒီရာသီမှာ ဆုဖလားလက်မဲ့မဖြစ်ဖို့အတွက် ရည်ရွယ်ကစားရမှာဖြစ်သလို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ဆုဖလားကြီးကို ပိုင်ဆိုင်ခွင့်ရဖို့လည်း ရေကုန်ရေခမ်းကစားရမှာဖြစ်ပါတယ်။ ဒါဆိုရင် ဒီနှစ်သင်းမှာ ဘယ်အသင်းက နိုင်ပြီး၊ ဘယ်အသင်းက အရေးနိမ့်သွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါပြီ။ ကွင်းအတွင်းက အဓိကကျတဲ့ ပြိုင်ဆိုင်မှု တစ်ခုဖြစ်တဲ့ ကစားသမား တစ်ဦးချင်းစီရဲ့ ရင်ဆိုင်တွေ့ဆုံမှုဟာ ဆုဖလားကို အဆုံးအဖြတ်ပေးသွားနိုင်ဖွယ်ရှိတာမို့ ဒီအပေါ်မှာမူတည်ပြီး သုံးသပ်ခန့်မှန်းလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

ဗာဂျေးလ်ဗန်ဒိုက် နဲ့ စီရော်နယ်ဒို

play

 

ဘလွန်းဒီအောဆု (၅) ကြိမ်ရထားတဲ့ စီရော်နယ်ဒိုအတွက် သူဟာ ရီးရဲလ်အတွက် မရှိမဖြစ် ကစားသမားဖြစ်ကြောင်း သက်သေထပ်ပြရမယ့် ပွဲဖြစ်ပါတယ်။ ဒီပေါ်တူဂီသားဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၃) ဂိုးသွင်းယူပေးထားပြီး သူ့အတွက် (၅) ကြိမ်မြော်က ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ကြိုးစားရတော့မှာပါ။ စီရော်နယ်ဒိုဟာ ဇီဒန်းရဲ့ သုံးယေက်တန်းတိုက်စစ်မှာ ဘယ်အစွန်ကနေ တာဝန်ယူထားရပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ သူဟာ တိုက်စစ်ပိုင်းနေရာစုံကနေ ထိုးဖောက်ဂိုးသွင်းဖို့အတွက် ဇီဒန်းက တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ဒါဟာ Lone Striker ပုံစံဖြစ်သွားပြီးတော့ သူ့အတွက် ထောက်ပံ့ပေးဖို့အတွက် အခြားတွဲဖက် တိုက်စစ်ကစားသမား (၂)ယောက်က တာဝန်ယူပေးထားပါတယ်။ စီရော်နယ်ဒိုရဲ့ အခုနောက်ပိုင်းကစားပုံဟာ ပြောင်းလဲမှုတွေ ရှိခဲ့ပြီး ပြိုင်ဘက်ရဲ့ ဧရိယာအတွင်းနဲ့ အနီးတ၀ိုက်မှာ နေရာယူပြီး နေရာစုံကနေ ဂိုးသွင်းနိုင်ဖို့ ကြိုးစားလာတာကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒီပုံစံကို ဂျူဗင်တပ်စ်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပြီးတော့ သူ့ရဲ့ ဘောလုံးပညာပြည့်ဝမှုနဲ့ ချိန်သားကိုက်နေရာယူမှုနဲ့အတူ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

play

 

 သူကိုယ်တိုင်လည်း ပယ်နယ်တီဧရိယာ အနီးတ၀ိုက်မှာပဲ ရှိနေပြီး ဂိုးသွင်းဖို့ နည်းဗျူဟာပိုင်း ပြင်ဆင်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ နေရာလွတ်တွေ ရှာဖွေပြီး ဂိုးသွင်းဖို့ ကြိုးစားမှုကို တားဆီးမယ့်သူကတော့ လီဗာပူးလ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဗန်ဒိုက်ပါ။ ဒီနောက်ခံလူဟာ အသင်းရဲ့ အဓိက ကစားသမား အဖြစ် အချိန်တိုအတွင်းမှာ အထိုင်ကျခဲ့ပါတယ်။ လေးယောက်တန်းခံစစ်ပိုင်းမှာ ဗန်ဒိုက်က ဦးဆောင်လှုပ်ရှားသူ ဖြစ်ပြီးတော့ ညွှန်ကြားမှုပေးသူလည်း ဖြစ်ပါတယ်။ အရပ်အမောင်းကောင်းမွန်ပေမယ့် ဗန်ဒိုက်ဟာ တခါတရံမှာ လေးလံလွန်းနေပြီးတော့ အမှားအယွင်းတွေ ရှိတတ်ပါတယ်။ ဒီအချက်ကပဲ စီရော်နယ်ဒိုကို အခွင့်အရေးပေးသလို ဖြစ်သွားဖို့ ရှိနေပါတယ်။ ဗန်ဒိုက်ရဲ့ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ပွဲကြီးအတွေ့အကြုံနည်းပါးတာပါ။ သူ့အတွက် စိန်ခေါ်မှုရှိနေတာကလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်နေပါတယ်။ ဗန်ဒိုက်အနေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး နောက်တန်းကစားသမားဆိုတဲ့ ဂုဏ်ပုဒ် အတိုင်း စီရော်နယ်ဒိုကို ဘယ်လိုများ ထိန်းချုပ်သွားမှာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

 

ဟန်ဒါဆန် နဲ့ မိုဒရစ်

play

 

အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ဟာ သူ့ဆီက အစပြုတာဖြစ်ပြီးတော့ သူ့ရဲ့ အံ့အားသင့်ဖွယ်ပေးပို့မှုကနေ ရီးရဲလ်က တိုက်စစ်လမ်းကြောင်းကို အစပြုတာဖြစ်ပါတယ်။ မိုဒရစ် အနေနဲ့ ကွင်းလယ်မှာ ထိပ်တိုက်ရင်ဆိုင်ရမယ့်သူက လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ပြိုင်ဘက်ကို တရစပ်ဖိအားပေးတဲ့ နည်းဗျူဟာက မိုဒရစ်ကို အလဲထိုးသွားနိုင်ဖွယ် ရှိနေပါတယ်။

play

 

 ဒီအတွက် အဓိကတာဝန်ယူရမယ့်သူက ဟန်ဒါဆန် ဖြစ်လာပါလိမ့်မယ်။ မိုဒရစ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုလိုက်ပါလေ့ရှိတာမို့ မိုဒရစ်ကို လီဗာပူးလ်ရဲ့ ခံစစ်လေးယောက် တန်းက အာရုံမစိုက်ရလေအောင် ဟန်ဒါဆန်က ဖိအားပေးရမှာလည်း ဖြစ်ပါတယ်။ ဒါမှသာ လီဗာပူးလ်ခံစစ်ပိုင်းအနေနဲ့ စီရော်နယ်ဒို ဦးဆောင်တဲ့ ရီးရဲလ်တိုက်စစ်ကိုသာ အာရုံအပြည့်အ၀စိုက်နိုင်မှာဖြစ်ပါတယ်။  မိုဒရစ်နဲ့အတူ တိုနီခရူးစ်၊ အစ္စကို နဲ့ ကက်စ်မဲရိုးတို့လည်း ရှိနေဦးမှာမို့ လီဗာပူးလ်ကွင်းလယ်ပိုင်းက ၀ိုင်နယ်ဒမ်၊ မီလ်နာ နဲ့ ဟန်ဒါဆန်တို့ဟာ ရီးရဲလ်ကွင်းလယ်ကို ချုပ်ကိုင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ အရေးကြိးဆုံးကတော့ မိုဒရစ်နဲ့ဟန်ဒါဆန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။

 

မာဆယ်လို နဲ့ ဆာလာ

play

 

ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူလို့ သတ်မှတ်ခံထားရတဲ့ မာဆယ်လိုအတွက် ဆာလာက သတိပေးစိန်ခေါ်သူ ဖြစ်လာမှာ အသေအချာ ပါပဲ။ ဒါ့အပြင် ဆာလာကို နောက်ကနေ အားဖြည့်ပေးမှာကတော့ လီဗာပူးလ်အတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား အာနိုးလ်ပါ။ သူတို့နှစ်ဦးရဲ့ ညာတောင်ပံတစ်လျှောက်က တိုက်စစ်ဆင်ဖို့ ကြိုးစားမှုကို မာဆယ်လိုက ခုခံရမှာလည်း ဖြစ်ပါတယ်။ မာဆယ်လိုဟာ တိုက်စစ်ပိုင်းကို တစ်ဟုန်ထိုးပြေးလွှားပြီး မွှေနှောက်တတ်တဲ့ ကစားသမားမျိုးပါ၊

play

 

ဒီကစားပုံဟာ ဆာလာအတွက်တော့ စိတ်ကြိုက် ဖြစ်သွားနိုင် ပါတယ်။ နေရာလွတ်သေးသေးလေးကနေ ဂိုးသွင်းယူနိုင်တဲ့ ဆာလာကို ဒိလိုအခွင့်အရေးမပေးရဖို့ဆိုရင်တော့ မာဆယ်လိုရဲ့ တိုက်စစ်ပိုင်းကို လိုက်ပါနိုင်မှုဟာ အကန့်အသတ်နဲ့ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် လျှင်မြန်သွက်လက်တဲ့ လီဗာပူးလ်ရဲ့ ကောင်တာတိုက်စစ် စတင်မှုကြောင့် မာဆယ်လိုဟာ ဖိုင်နယ်ပွဲမှာ ခါတိုင်းပွဲတွေလိုမျိုး လွတ်လွတ် လပ်လပ်နဲ့ တိုက်စစ်ကို လိုက်ပါနိုင်ဖို့ အားလျော့ဖွယ် ရှိနေပါတယ်။ ဆာလာကတော့ အသင်းဖော်တွေဖြစ်တဲ့  ဖာမီနို၊ မာနေးတို့နဲ့ တွဲဖက်ပြီး Aggressive ဖြစ်လွန်းတဲ့ ရီးရဲလ်ခံစစ်မှူးတွေကို ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။

 

ဖာမီနို နဲ့ ရာမို့စ်

play

 

အသက်အရွယ်ရ ရာမို့စ်ဟာ အကျပိုင်းကို ရောက်လာခဲ့ပြီဆိုပေမယ့်လည်း သူဟာ ထိပ်တန်းအဆင့်မှာ ရှိနေတုန်းပါပဲ၊ တည်ကန်ဘောတွေ ကတဆင့် အသင်းအတွက် ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူနိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင်  ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ (၂) ပွဲမှာ ဂိုးသွင်း ယူနိုင်တဲ့ ကစားသမား (၅)ဦးထဲက တစ်ဦးအပါအ၀င်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်ရင်ဆိုင်ရမယ့် ဖာမီနိုကလည်း ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်နေခဲ့ပါတယ်။ ဖာမီနိုဟာ ချန်ပီယံလိဂ်မှာ (၁၀) ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။ ဖာမီနိုရဲ့ တိုက်စစ်ပိုင်း နေရာစုံ ရွေ့လျားကစားမှုဟာ ရာမို့စ် နဲ့ ဗာရာနီတို့ကို ရီးရဲလ်တိုက်စစ်အတွက် အထောက်အကူမဖြစ်ရအောင် အဟန့်အတား ဖြစ်လာစေမှာပါ။

play

 

 ဖာမီနိုရဲ့ ကစားတဲ့ပုံစံကြောင့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုနောက်ခံလူ၂ယောက်ဟာ ခံစစ်တန်းမှာသာ ပွဲကစားချိန်များကို ကုန်ဆုံး ရဖွယ်လည်း ရှိပါတယ်။ ရီးရဲလ် ရဲ့ ခံစစ်ဇုန် နဲ့ ကွင်းလယ်တို့ကြား နေရာလွတ်တွေကို ဖာမီနိုက ကောင်းကောင်းကြီး အသုံးချနိုင်စွမ်း ရှိပြီး ခံစစ်ကနေ တိုက်စစ်အစပြုမှုကိုလည်း သူက ကြားဝင်ဖြတ်တောက်နိုင်စွမ်းရှိနေပါတယ်။ ရာမို့စ်အနေနဲ့ ခါတိုင်းကစားနေကျ ခပ်မာမာပုံစံနဲ့ ကစားဖို့ထက်စာရင် ဖာမီနိုကို သိမ်သိမ်မွေ့မွေ့နဲ့ ထိန်းချုပ်နိုင်ဖို့ ပိုလိုအပ်ပါလိမ့်မယ်။ ပြိုင်ဘက်ကို ကောင်းကောင်းကြီး လှည့်စားပြီး လှည့်ထွက်သွားတတ်တဲ့ ဖာမီနိုရဲ့ ကစားပုံက ရာမို့စ်ကို ကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD