AD
AD
AD

လာမယ့်စနေနေ့ (တနင်္ဂနွေနေ့ နံနက်) မှာတော့ ဥရောပရဲ့အအောင်မြင်ဆုံး အသင်း(၂)သင်းဟာ ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ကစားကြတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက်တော့ (၃) နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ စံချိန်ကို အရယူဖို့ ကြိုးစားရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း (၆) ကြိမ်မြောက် ဆုဖလားအတွက် အကြိတ်အနယ်ကစားရမှာလည်း ဖြစ်ပါတယ်။ ဥရောပမှာ အစဉ်အလာကြီးမားတဲ့ အသင်းများပီပီ နှစ်သင်းစလုံးဟာ ဒီဆုဖလားအတွက် အကောင်းဆုံးခြေစွမ်းနဲ့ ကစားကြမှာ ဖြစ်တာမို့ ပွဲကြီးပွဲကောင်းတစ်ပွဲလည်း ဖြစ်လာဖို့ရှိနေပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်မှာ နှစ်သင်းပေါင်းသွင်းဂိုး (၇၀)ဂိုးအထိ သွင်းယူထားကြပြီး တိုက်စစ်အားကောင်းတဲ့ အသင်းတွေဖြစ်တာမို့ နှစ်သင်းစလုံးဟာ အပြန်အလှန်သွင်းဂိုးတွေ သွင်းယူသွားနိုင်ဖွယ်လည်း ရှိပါတယ်။  ဒါကြောင့်မို့ အဆိုပါပွဲစဉ်အတွက် နည်းပြနှစ်ဦးရဲ့ နည်းဗျူဟာပိုင်းအရ ဘယ်အသင်းက အသာစီးရသွားနိုင်မလဲဆိုတာကို စဉ်းစားသုံးသပ်နိုင်ဖို့ နည်းဗျူဟာပိုင်းအရ ချဉ်းကပ်ကြည့်မယ်ဆိုရင်တော့...။

play

 

ဇီဒန်း ၄-၃-၃- ကစားကွက်ကို ပြင်ဆင်ခဲ့တာလား

 

ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ် (၆)ပွဲမှာ မတူညီတဲ့ ကစားကွက်ပုံစံ (၃) မျိုးကို ချပြခဲ့ပါတယ်။ ဇီဒန်းက သူ့အသင်းကို ၄-၃-၁-၂ Narrow ကစားကွက်ကို (၃) ကြိမ် အသုံးပြုပြီး ၄-၄-၂ Flat ကစားကွက်ကိုလည်း (၂) ကြိမ် အသုံးပြုခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါမှာ ဇီဒန်းဟာ သူ့အသင်းကို ခံစစ်အားပြုတဲ့ပုံစံဖြစ်တဲ့ ၄-၁-၄-၁ ကစားကွက်နဲ့ ရင်ဆိုင်ခဲ့ပြီး စီရော်နယ်ဒိုကို Lone Striker အဖြစ် ထားရှိကစားစေခဲ့ပါတယ်။ ဇီဒန်းဟာ နည်းဗျူဟာပိုင်းအရ ပြောင်းလွယ်ပြင်လွယ်တဲ့ ကစားကွက်ကိုသာ ပုံမှန်အသုံးပြုလေ့ရှိပြီးတော့ သူ့ရဲ့ လာလီဂါနောက်ဆုံး (၃) ပွဲမှာဆိုရင်လည်း မတူညီတဲ့ ကစားကွက်ဖြစ်တဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

play

 

စီရော်နယ်ဒိုကိုပဲ ဗဟိုပြုဆော့မယ့် ကစားကွက်

 

ဒါဟာ ဇီဒန်းအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ကြိုတင်ပြီး စမ်းသပ်မှုတစ်ခုလားလို့လည်း ထင်မှတ်စရာ ရှိလာခဲ့ပါတယ်။ ဘယ်လို ကစားကွက်မျိုးမှာဖြစ်ဖြစ် ဇီဒန်းအတွက် အရေးအပါဆုံးက စီရော်နယ်ဒို ဖြစ်ပါတယ်။ သူဟာ တိုက်စစ် (၃) ယောက်တန်း အသုံးပြုတဲ့ ကစားကွက်မှာဆိုရင်လည်း စီရော်နယ်ဒိုကို တိုက်စစ်ပိုင်းမှာ လွတ်လပ်စွာ ကစားခွင့်ပေးထားခဲ့ပြီး ကျန်ရှိတဲ့ တိုက်စစ်အတွဲအဖက်တွေဖြစ်တဲ့ ဘန်ဇီမာ၊ ဘေးလ်၊ အဆန်စီယို၊ ဗက်ကွက်စ် နဲ့ အစ္စကိုတို့ဟာ စီရော်နယ်ဒို နေရာလွတ်တွေ ရအောင် ပြိုင်ဘက်ခံစစ်ဇုန်ကို ခြိမ်းခြောက်ပြီး ဖန်တီးပေးရပါတယ်။ စီရော်နယ်ဒိုကတော့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာအတွင်းနဲ့ အပြင်အနီးတ၀ိုက်မှာ နေရာယူပြီး သူ့အတွက် အခွင့်အရေးကို အရယူဖို့ စောင့်ဆိုင်းပြီး ဆော့ကစားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီအနေအထားကနေတဆင့် စီရော်နယ်ဒိုဟာ ဂိုးအများအပြား သွင်းယူနိုင်ခဲ့ပြီး အထင်ရှားဆုံးကတော့ ဂျူဗင်တပ်စ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့တဲ့ဂိုးဟာ သူ့ရဲ့ နေရာယူမှန်ကန်မှုနဲ့ ပြိုင်ဘက်နောက်ခံလူတွေရဲ့ အလစ်အငိုက်ကို အမိဖမ်းကျွမ်းကျင်မှုအပေါ် အကောင်းဆုံးအသုံးချသွားခဲ့တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်က အကောင်းဆုံးနည်းဗျူဟာသမားတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်မှာ အခြားအရည်အချင်းတွေ ရှိပါသေးတယ်" လို့ ဇီဒန်းက ပြောခဲ့ပါတယ်။ " ကျွန်တော့်ကိုယ်ကျွန်တော် နည်းစနစ်ပိုင်းကြွယ်ဝသူလို့ မယုံကြည်ပါဘူး၊ ဘာလို့လည်းဆိုတော့ ကျွန်တော့်အပေါ် နည်းစနစ်ပိုင်းအရ ဖိအားပေးနိုင်ခဲ့မှုတွေ အများကြီးရှိခဲ့လို့ပါ" လို့လည်း ဇီဒန်းက ရိုးရိုးသားသားဝန်ခံခဲ့ပါသေးတယ်။

play

 

Overlap တက်ဆော့တတ်တဲ့ မာဆယ်လိုကို ဘယ်လိုပြင်ဆင်ပေးမှာလဲ ဇီဒန်း

 

ဇီဒန်းရဲ့ ကစားကွက်မှာဆိုရင် နောက်ခံအစွန်လူတွေဖြစ်တဲ့ ကာဗာဟယ်နဲ့မာဆယ်လိုတို့ကလည်း အရေးပါပြီး သူတို့ရဲ့ Overlap ဆော့နိုင်မှုက ပြိုင်ဘက်ရဲ့ ခံစစ်ဇုန်ကို အမိအရဖိအားပေးနိုင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အားနည်းချက်တစ်ခုကတော့ တန်ပြန်တိုက်စစ် လျှင်မြန်ကောင်းမွန် တဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ရီးရဲလ်ခံစစ်ပြိုဆင်းမှုက အားနည်းချက်တစ်ခုဖြစ်လာပါတယ်။ ကွင်းလယ်ပိုင်းက မိုဒရစ်၊ ခရူးစ်တို့ဟာလည်း ပြိုင်ဘက်ရဲ့ ခံစစ်ဇုန်အတွင်းကို ဖိအားပေးနိုင်ဖို့ အာရုံစူးစိုက်နေရပြီးတော့ ကက်စ်မဲရိုးတစ်ဦးတည်းနဲ့ အသင်းရဲ့ ခံစစ်ဇုန်ရှေ့ကနေ ကောင်းကောင်းကာကွယ်နိုင်စွမ်းမရှိတဲ့အခါမျိုးမှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုက ရီးရဲလ်ကို ကောင်းကောင်းကြီး ဒုက္ခ ပေးနိုင်စွမ်းရှိလို့ပါပဲ။ ဒီအနေအထားကို လီဗာပူးလ်နဲ့ပွဲမှာ ကြုံတွေ့ရမယ်ဆိုရင်တော့ သေချာပေါက်ဂိုးပေးရဖို့ ရှိနေပြီး ဇီဒန်းအနေနဲ့ ဘယ်လိုပြင်ဆင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

play

 

ဘေးလ် နဲ့ အစ္စကို ရွေးချယ်ရခက်တဲ့ ပြသနာ

 

၎-၃-၁-၂ ကစားကွက်အသုံးပြုတဲ့အခါမျိုးမှာဆိုရင်တော့ ဇီဒန်းဟာ ကက်စ်မဲရိုးကို ခံစစ်လေးယောက်တန်းရှေ့မှာ နေရာယူခိုင်းထားပြီး မိုဒရစ်နဲ့ခရူးစ်တို့ကိုတော့ Double Pivot နေရာမှာ ထားကစားစေခဲ့ပါတယ်။ အစ္စကိုကို No 10.Role မှာ ကစားစေခဲ့ပြီးတော့ ဒီကစားမှုပုံစံကို ၂၀၁၇ ကာဒစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ အသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနေရာမှာ အစ္စကိုရဲ့ နေရာက အခရာကျခဲ့ပြီး သူ့ရဲ့ တိုက်စစ်အတွက် ကစားပေးမှုက ကောင်းရင်ကောင်းသလောက် ရီးရဲလ်ကို အထောက်အကူဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဂါရတ်ဘေးလ်က အကောင်းဆုံးခြေစွမ်းမျိုး ရရှိနေပြီး အစ္စကိုကတော့ ရုန်းကန်နေရတာမို့ ဇီဒန်းအနေနဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုဖို့များပါတယ်။ အသင်းရဲ့ သုံးယောက်တန်းတိုက်စစ်ပိုင်းမှာ ဘေးလ်နဲ့ စီရော်နယ်ဒိုတို့ကို တောင်ပံတွေဆီ ပို့ထားမယ့် ဇီဒန်းအတွက် လီဗာပူးလ်မှ ရောဘတ်ဆန် နဲ့ အာနိုးလ်တို့က စီရော်နယ်ဒိုတို့နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါဟာ အတွေ့အကြုံအရ၊ ၀ါအရ ဇီဒန်းအတွက် အသာစီးရရှိဖို့များနေပြီး ဒီကစားကွက်ကိုပဲ အခြေခံပြီး ပွဲထွက်လာဖွယ် ရှိနေတယ်လို့ ထင်မြင်မိပါတယ်။

play

 

လီဗာပူးလ်ရဲ့ သုံးယေက်တန်းတိုက်စစ်ကိုပဲ ကလော့ပ် အသက်သွင်းဖို့ များပါတယ်

 

လီဗာပူးလ်ကတော့ ချန်ပီယံလိဂ်မှာ သွင်းဂိုးပေါင်း ၄၀ အထိ ရရှိထားပြီး ဒါဟာ ချန်ပီယံလိဂ်သမိုင်းမှာ တတိယဂိုးအများဆုံးရရှိတဲ့ စံချိန်လည်း ဖြစ်ပါတယ်။ ဒီထဲက သွင်းဂိုး ၁၀ ဂိုးဟာ ပွဲကစားချိန် မိနစ်(၂၀) အတွင်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင်တော့ လီဗာပူးလ်အသင်းဟာ တိုက်စစ်ကို စောစောစီးစီး အစပြုပြီးတော့ ဂိုးရအောင် ကြိုးစားလေ့ရှိတာကို သတိထားမိမှာဖြစ်ပါတယ်။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒီအချက်ကို အထင်အရှားတွေ့ခဲ့ရပြီး  ပထမပိုင်းမှာကတည်းက လီဗာပူးလ်ဟာ (၃) ဂိုးထိ သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါကလည်း လီဗာပူးလ်အတွက် သတိထားရမယ့် အချက်ဖြစ်ပြီး သူတို့ရဲ့ တစ်ဇောက်ကန်းနိုင်တဲ့ တိုက်စစ်ပိုင်းကို အလွန်အကျွံအားပြုမှုဟာ တောင်ပံတိုက်စစ်အားကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကောင်းကောင်းကြီး အခက်တွေ့ခဲ့ပြီး အသင်းအတွက် အခြေအနေမကောင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ ပျော့ကွက်ကို ရီးရဲလ်လိုအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကိုယ်တိုင်အသုံးချခံမဖြစ်အောင် သတိထားဖို့ လိုပါတယ်။

play

 

တန်ပြန်တိုက်စစ်ကောင်းသလို တန်ပြန်တိုက်စစ်ကြောင့် အခက်တွေ့တတ်တဲ့ လီဗာပူးလ်

 

ဒီအခြေအနေကို မန်စီးတီးနဲ့ ဒုတိယအကျော့မှာ မြင်တွေ့ခဲ့ရပြီး ဒီဟာကွက်ကတဆင့် ဂါဘရီရယ်ဂျီးဆပ်က အဖွင့်ဂိုးကို စောစောစီးစီး ရယူသွားခဲ့ပြီး လီဗာပူးလ်ကို ရုန်းကန်စေခဲ့ရပါတယ်။  ဒါပေမယ့် အသင်းရဲ့ တန်ပြန်တိုက်စစ်ပိုင်း ကောင်းလွန်းခဲ့တာကြောင့် သွင်းဂိုးတွေ ပြန်လည်ရရှိခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီရာသီမှာတော့ ကောင်တာတိုက်စစ်ကနေတဆင့် ဂိုးသွင်းယူနိုင်မှု အများဆုံးအသင်းဖြစ်ပြီး ချန်ပီယံလိဂ်မှာဆိုရင် တန်ပြန်တိုက်စစ်ကတဆင့် သွင်းဂိုး (၄) ဂိုးအထိ ရရှိခဲ့ပါတယ်။ မာနေး၊ ဖာမီနို၊ ဆာလာတို့ရဲ့ တိုက်စစ်အတွဲဟာ ဘယ်အသင်းရဲ့ ခံစစ်ပိုင်းကိုမဆို ခေါင်းခြောက်စေနိုင်ပြီးတော့ ဒီအတွဲအဖက်ကို ချေဖျက်နိုင်မှသာလျှင် ပြိုင်ဘက်အသင်းအနေနဲ့ နိုင်ပွဲရရှိဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်မှာ လီဗာပူးလ်အတွက် အခရာကျတဲ့ ကစားသမားက ချိန်ဘာလိန်ဖြစ်ပြီးတော့ သူရဲ့လျှင်မြန်သွက်လက်တဲ့ ကစားပုံနဲ့ အဝေးက လှမ်းကန်သွင်းမှုတွေဟာ ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်စွမ်း အပြည့်အ၀ရှိခဲ့ပါတယ်။ ချန်ဘာလိန် ဒဏ်ရာရသွားတာကတော့ လီဗာပူးလ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး အသင်းရဲ့ တိုက်စစ်အရှိန်ကို အနည်းငယ်တော့ လျော့နည်းစေခဲ့တာ အမှန်ပါပဲ။

play

 

Pressing, Pressing, Pressing

ယာဂင်ကလော့ပ်ရဲ့ နာမည်ကြီး ကစားကွက်ဖြစ်တဲ့ ပြိုင်ဘက်ကို ဘောလုံးရှိချိန်မှာရော၊ ဘောလုံးမရှိချိန်မှာပါ အပြင်းအထန်ဖိအားပေးတဲ့ ကစားမှုပုံစံက တကယ်အလုပ်ဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ မိနစ် (၉၀) လုံးလုံး မမောနိုင်မပမ်းနိုင် လှုပ်ရှားနေကြပြီးတော့ ဖိအားပေးပြီး ကစားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘောလုံးပြန်လုယူနိုင်တဲ့အချိန်မှာ လီဗာပူးလ်ရဲ့ လျှင်မြန်သွက်လက်စွာနဲ့ တိုက်စစ်အစပြုမှုက အရေးပါပြီး ဒီနေရာအတွက် ချိန်ဘာလိန်က တကယ့်ကို ရတနာလို့ ဆိုရမှာပါ။ အခြားကွင်းလယ်လူတွေဖြစ်တဲ့ ၀ိုင်နယ်ဒမ်၊ မီလ်နာ နဲ့ ဟန်ဒါဆန်တို့ဟာ ချိန်ဘာလိန်လို လျှင်မြန်မှုမရှိသလို တိုက်စစ်ပိုင်းကို လိုက်ပါနိုင်မှုလည်း အားနည်းလွန်းပါတယ်။ ဒါပေမယ့် အမ်မရီချန် ဒဏ်ရာကနေ ပြန်ပြီးကောင်းမွန်လာတာမို့ ကလော့ပ်အတွက် အသက်ရှူချောင်ခဲ့ပြီး သူ့အတွက် ရွေးချယ်စရာ ပိုမိုများပြားလာခဲ့ပါတယ်။ ကလော့ပ်ကလည်း သူ့ရဲ့ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာမို့ဖြစ်တာမို့ နှစ်သင်းစလုံးဟာ ကစားကွက်ချင်းတူညီနေပြီး ထိပ်တိုက်ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ အဓိကအားနည်းချက်ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်း ထိန်းချုပ်ခံရပြီဆိုရင် ဆွံ့အသွားတတ်မှုဖြစ်ပြီး တိုက်စစ်ပိုင်း အတွက် အားကိုးရတဲ့ ကွင်းလယ်ကစားသမား ချို့တဲ့တာပါ။ ဒီပြသနာကို ကလော့ပ် ဘယ်လိုဖြေရှင်းနိုင်မှာလဲဆိုတာက စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

play

 

မေလ (၂၇) ရက်နေ့မှာတော့ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က အိုလံပစ်ကွင်းကြီးမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားကြတော့မှာ ဖြစ်ပါတယ်။ ဘယ်အသင်းက နည်းဗျူဟာပိုင်းအရ အသာစီးရယူပြီး အနိုင်ယူသွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ကြောင်းပါ။

ကိုးကား - inews.co.uk

* လိုအပ်သည့် အချက်များ၊ မှားယွင်းသည်များရှိပါက ထောက်ပြဝေဖန်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD