AD
AD
AD

ရီးရဲလ်နည်းပြ ဇီဒန်းဟာ ကြာသာပတေးနေ့က အသင်းနည်းပြရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘောလုံးလောကအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့ပြီးတော့ လူပြောစရာ၊ ဆွေးနွေးစရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို (၃) နှစ်ဆက်တိုက် ရယူပေးအပြီးမှာ ရုတ်တရက်နှုတ်ထွက်ခဲ့တာမို့ ပိုပြီးတော့ အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ အသင်းနဲ့အတူ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိနေသေးပြီး ရီးရဲလ်ကို ချန်ပီယံလိဂ်သမိုင်းဝင်အောင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်ဟာ အသင်းနဲ့ ရုတ်ချည်းလမ်းခွဲသွားခဲ့တာက ပဟေဠိဆန်နေခဲ့ပါတယ်။ ဒီနှုတ်ထွက်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိမလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ဖြစ်နိုင်ဖွယ်ရာ ရှိတာတွေကတော့...

 

၁။ တာဝန်ကျေပွန်သွားခဲ့ပြီ

play

 

ဇီဒန်းဟာ အသင်းကို နှစ်နှစ်ခွဲကိုင်တွယ်ခဲ့ပြီး ဆုဖလား (၉)လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်၊ ဒီအနေအထားမှာ ဇီဒန်းကိုယ်တိုင် နားလည်ထားမှာကတော့ သူ့အနေနဲ့ ဒီအနေအထားမျိုးကို တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပါ့မလားဆိုတဲ့ သံသယပါပဲ။ အသင်းအတွက် အသစ်တွေ လိုအပ်တယ်လို့ ဇီဒန်းက အကြောင်းပြခဲ့ပါတယ်။ ဒါဟာ အသင်းတွင်းမှာ ရည်မှန်းချက်အသစ်၊ ပုံစံအသစ် နဲ့ ကစားသမားတွေရဲ့ အနေအထားပေါ်မှာ မူတည်ပြီး ဇီဒန်းက ပြောကြားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အသင်းအတွက် လာလီဂါဆုဖလား(၁)လုံး၊ စပိန်စူပါဖလား (၁)လုံး၊ ချန်ပီယံလိဂ်ဖလား (၃) လုံး၊ ဥရောပစူပါဖလား (၂)လုံး နဲ့ ကမ္ဘာ့ကလပ်ဖလား (၂) လုံး ရယူပေးပြီးနောက်မှာ ဇီဒန်းဟာ အသင်းအတွက် တာဝန်ကျေပွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ အသင်းအတွက် ဒီထက်ပိုပြီး စွမ်းဆောင်ပေးနိုင်စရာလည်း မရှိတော့တာ ဖြစ်ပါတယ်။ ဇီဒန်းက ဒီအချိန်ဟာ အသင်းကထွက်ခွာဖို့ အကောင်းဆုံးအချိန်ပဲလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဒီနှုတ်ထွက်မှုရဲ့ နောက်ကွယ်မှာ သူ့ရဲ့တာဝန်ကျေပွန်ခြင်းကလည်း ပါဝင်နိုင်ပါတယ်။

 

၂။ ပြည်တွင်းပြိုင်ပွဲ အနေအထား

play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဇီဒန်းရဲ့ ပြည်တွင်းပြိုင်ပွဲရလာဒ်တွေကလည်း သူ နှုတ်ထွက်ခဲ့မှုရဲ့ အကျိုးဆက် ဖြစ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ လီဂါနက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်အသင်းကနေ လက်ပြနှုတ်ဆက်ခဲ့ရတာဟာ ဇီဒန်းအတွက်ရော၊ ရီးရဲလ်လိုအသင်းအတွက်ပါ တော်တော်လေး မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒ့ါအပြင် အမှတ်ပေးဖလားပြိုင်ပွဲမှာ ရာသီအစကတည်းက အခြေအနေမကောင်းခဲ့ပဲ အသင်းက ရုန်းကန်နေခဲ့ရပြီး မဟာပြိုင်ဘက် ဘာစီလိုနာရဲ့ ဦးဆောင်မှုအောက်မှာ နောက်ကလိုက်နေခဲ့ရတာကလည်း ဥက္ကဌပီရက်ဇ်အတွက်တော့ စိတ်ဆိုးဒေါသဖြစ်စရာ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းပြိုင်ပွဲမှာ အခြေမလှခဲ့တဲ့ အချိန်မှာတော့ ဇီဒန်းဟာ အသင်းကို ချန်ပီယံလိဂ်ဘက်ကိုသာ မဲတင်းစေခဲ့ပြီး အားစိုက်ခဲ့တာကလည်း ထင်ထင်ရှားရှား သိစေနိုင်တဲ့ အချက်ပါ။  ပြည်တွင်းပြိုင်ပွဲမှာ ရလာဒ်တွေဆိုးရွားခဲ့မှုကလည်း ဇီဒန်း အသင်းကနေ ထွက်ခွာစေတဲ့ အကြောင်းရင်းခံတစ်ခု ဖြစ်ဖွယ်ရှိခဲ့ပါတယ်။

 

၃။ အနာဂတ်မသေချာတော့တဲ့ စီရော်နယ်ဒို နဲ့ ဂါရတ်ဘေးလ်

play

 

ဒီကစားသမားနှစ်ယောက်လုံးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းနဲ့သူတို့ရဲ့ အနာဂတ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီးတော့ အသင်းက ထွက်ခွာနိုင်တယ်လို့ ပြောကြားခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ဘဏ္ဍာရေးအခြေအနေကို အကြောင်းပြချက် ပေးခဲ့ပြီး ဂါရတ်ဘေးလ်ကတော့ သူ့အတွက် ပွဲကစားခွင့် ပိုမိုရရှိဖို့အတွက်လို့ ကာကွယ်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ အသင်းရဲ့ ရလာဒ်ကို မိနစ်ပိုင်းအတွင်း၊ အချိန်ပိုင်းအတွင်း ပြောင်းလဲပေးနိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။ ဒီလို ကစားသမားနှစ်ယောက် အသင်းက တပြိုင်နက်တည်း ထွက်ခွာသွားခဲ့မယ်ဆိုရင်ဆိုတဲ့ အနေအထားက တွေးကြည့်မယ်ဆို ရင်ထိတ်စရာပါ။ စီရော်နယ်ဒိုက ကွင်းတွင်းကွင်းပြင် လွှမ်းမိုးနိုင်စွမ်း ကြီးမားသူဖြစ်ပြီး သူကွင်းထဲမှာ ရှိနေတဲ့အချိန်က ပြိုင်ဘက်အသင်းတွေကို အမြဲတမ်း သတိပေးခေါင်းလောင်းပေးနေသလို ရင်ထိတ်စေပြီး ဂါရတ်ဘေးလ်ကလည်း အရံခုံက ထလာခဲ့တဲ့အချိန်မှာ ဂိုးသွင်းဖို့ ဆာလောင်နေတတ်တဲ့ ကစားသမားမျိုးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနာဂတ်မတည်ငြိမ်မှုကလည်း ဇီဒန်းနှုတ်ထွက်မှုရဲ့ နောက်ကွယ်က ၀ှက်ဖဲတစ်ချပ်ဖြစ်နိုင်ပါတယ်။

 

၎။ ပီရက်ဇ်ရဲ့ အပြောင်းအရွှေ့ကို ချုပ်ကိုင်ထားမှု

play

 

အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီနဲ့ ပတ်သက်လာရင်၊ ကစားသမားတစ်ယောက် ၀ယ်ယူတော့မယ်ဆိုရင် ဒီကိစ္စအတွက် အစစအရာရာ ဆုံးဖြတ်ချက်ချမှတ်တာက ပီရက်ဇ်ဖြစ်ပါတယ်။ နည်းပြမကြိုက်တဲ့ ကစားသမား ဖြစ်နေလင့်ကစား ပီရက်ဇ်က သူ သဘောကျနေပြီ ဆိုရင်တော့ အသင်းကို မရရအောင် ခေါ်ယူတဲ့ စရိုက်ရှိပါတယ်။ ဇီဒန်းရဲ့ အဆိုပြုမှု၊ တိုက်တွန်းမှု တစ်စုံတစ်ရာမှ မပါပဲနဲ့ ပီရက်ဇ်က ၀ယ်ယူလေ့ရှိပြီး ဇီဒန်းနဲ့ တိုင်ပင်မှုမရှိပဲနဲ့လည်း ပြန်လည်ရောင်းထုတ်တတ်သူပါ။ ဇီဒန်းက အသင်းတိုက်စစ်ပိုင်းအတွက် လီဝန်ဒေါစကီးကို သဘောကျနေချိန်မှာ ပီရက်ဇ်က နေမာကို မရရအောင်ခေါ်ယူဖို့ ကြိုးစားနေတာတွေက သိသာစေတဲ့အချက်တွေဖြစ်ပါတယ်။ နေမာရဲ့ အပြောင်းအရွှေ့သတင်းနဲ့ ပတ်သက်ပြီးတော့လည်း ပီရက်ဇ်ကို သူ ဘယ်တုန်းကမှ မေးမြန်းမှုမရှိဘူးလို့ ဇီဒန်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါဟာ အပြောင်းအရွှေ့နဲ့ ပတ်သက်လာရင် ပီရက်ဇ် နဲ့ ဇီဒန်းတို့ကြားမှာ ဆက်သွယ်မှုပြတ်တောက်နေတဲ့ အချက်ကို မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းအတွက်လည်း အသင်းကို စိတ်တိုင်းကျ ပြင်ဆင်ခွင့်မရတာက အသင်းမှ ထွက်ခွာစေဖို့ ဖြစ်လာခဲ့သလားဆိုတာ တွေးကြည့်စရာပါ။

 

၅။ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်

play

 

ဇီဒန်းရဲ့ သူ့ရာထူးတည်မြဲမှုဟာ ချန်ပီယံလိဂ်အောင်ပွဲပေါ် မူတည်နေခဲ့ပြီဆိုတာကို ကောင်းကောင်းကြီး သိနေခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီမှာ ပေါလ်မာဆွန်က ပြောခဲ့တာရှိပါတယ်။ ဇီဒန်းဟာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရင် အသင်းကထုတ်ပယ်ခံရမှာပါဆိုတဲ့စကားပါ။ ဒီစကားက တော်တော်လေး မှန်ကန်ပါတယ်။ ပီရက်ဇ်လို နည်းပြမျိုးအတွက်တော့ နည်းပြတစ်ယောက်ဟာ သူ့အတွက်စတေးခံလူသားတစ်ယောက်လို့ မြင်တဲ့ အနေအထားမှာပဲ ရှိနေခဲ့တာပါ။ ဇီဒန်းနှုတ်ထွက်မှုရဲ့ နောက်ကွယ်မှာတော့ ဖိအားတွေ၊ လွဲချော်မှုတွေဆိုတဲ့ အရာတွေ ရှိနေမှာ သေချာပေါက်ပါပဲ။ ဇီဒန်းကိုယ်တိုင်လည်း အသင်းက သူ့ရဲ့ အနေအထားအပေါ်ကို ကောင်းကောင်းနားလည်သွားခဲ့တယ်လို့ ယူဆရဖွယ်ရှိပြီး အဆုံးသတ်မှာတော့ ပါးနပ်လွန်းတဲ့ ပီရက်ဇ်ကို ပညာပေးလိုက်တဲ့ သဘောလို့လည်း ယူဆနိုင်စရာရှိပါတယ်။ အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ မအောင်မြင်ခဲ့ရင် ထုတ်ပယ်ခံရမယ့်အနေအထားကနေ ဇီဒန်းဟာ သိက္ခာရှိရှိနဲ့ ကိုယ်တိုင်နှုတ်ထွက်သွားနိုင်တဲ့ အနေအထားကို ဖန်တီးနိုင်ခဲ့ပြီး ပီရက်ဇ်ကို အနိုင်ပိုင်းသွား ခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ ဒီအတွက်တော့ ဇီဒန်းမှာ ပြောစရာက တစ်ခွန်းပဲ ရှိပါတယ်။ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဆိုတဲ့ စကားလုံးကို လှလှပပလေးသုံးပြီး ပီရက်ဇ်ကို တစ်ကွက်ကျောလိုက်ဖို့ပါပဲ။

Source : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD