AD
AD
AD

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ကိုင်လီယန်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို မဟုတ်မှန်ဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းက ငြင်းဆန်သွားခဲ့ပါတယ်။ ဘာပေအတွက် ရီးရဲလ်က ပေါင်သန်း (၂၄၀)နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

play
Photo : FIFA

 

ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်အသင်းက ဒီသတင်းနဲ့ပတ်သက်ပြီးတော့ တရားဝင်ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ "ဘာပေအတွက် ရီးရဲလ်မက်ဒရစ် နဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာ သဘောတူညီမှု ရရှိခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ နာရီအနည်းငယ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေဟာ မဟုတ်မှန်ပါဘူး၊ လုံးဝကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေဖြစ်ပါတယ်" လို့ ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ခဲ့ပါတယ်။

 

"ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့လည်း ပီအက်စ်ဂျီ (သို့) အခြားကစားသမား မည်သူကိုမှ ကမ်းလှမ်းမှုမျိုး မရှိပါဘူး" လို့ ရီးရဲလ်မက်ဒရစ်က ထပ်မံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းကို ပေါင် (၁၆၆)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုအပြီးမှာ ဘာပေဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် ဒုတိယမြောက်တန်ဖိုးအကြီးမားဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

play
Photo : Goal

 

လက်ရှိမှာ ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေပြီး အာဂျင်တီးနားအသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုး (၂)ဂိုး အပါအ၀င် စုစုပေါင်း (၃)ဂိုးထိ ပြင်သစ်အသင်းအတွက် သွင်းယူပေးထားနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရီးရဲလ်အသင်းဟာ ဘာပေရဲ့ ကလပ်အသင်းဖော် နေမာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

play
Photo : Sky Sports

 

စပိန်အခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ TVE က ဘရာဇီးလ်စူပါစတားတိုက်စစ်မှူးကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က အပြင်းအထန် ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကိုလည်း ရီးရဲလ်က ထပ်မံငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ နေမာကတော့ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြီးခဲ့တဲ့ ရာသီက ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

play
Photo : Sky Sports

 

Sky Sports ရဲ့ ဖော်ပြခဲ့မှုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်ထိ ဘာပေ နဲ့ နေမာတို့ကို ခေါ်ယူဖို့အတွက် တစ်စုံတစ်ရာ ကမ်းလှမ်းမှုမျိုး၊ ပြောဆိုမှုမျိုး မပြုလုပ်ရသေးဘူးလို့ ဖြေရှင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာနဲ့ ရီးရဲလ်တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ စတင်ထွက်ပေါ်ခဲ့ပြီး ယနေ့အချိန်ထိ သတင်းထွက်နေဆဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD