AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဆင့်တွေ ယှဉ်ပြိုင်ကစားနေတဲ့အချိန်မှာ ကမ္ဘာပေါ်က ဘောလုံးဝါသနာရှင်ပရိသတ်တွေအားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ဖြစ်ရပ်မျိုး မရှိသလောက် ရှားပါးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီလိုရှားပါးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားမှာ ကြီးကြီးမားမားလှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒါကတော့ ရီးရဲမက်ဒရစ်အသင်းကနေ ရော်နယ်ဒိုထွက်ခွာခဲ့ပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ၃ ရာသီလောက်ကတည်းက စပိန်မှာ ရော်နယ်ဒို မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တယ်ဆိုပေမယ့် ရီးရဲမက်ဒရစ်အသင်းကနေ ရော်နယ်ဒိုထွက်ခွာသွားပြီဆိုတဲ့သတင်းဟာ ပရိသတ်တွေကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးက CR7 ဆိုတဲ့ ထင်ရှားတဲ့အမှတ်တံဆိပ်ကြီးတစ်ခု ပြောင်းရွှေ့သွားတဲ့ အီတလီစီးရီးအေကို သည်းကြီးမည်းကြီး အာရုံစူးစိုက်နေကြပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက်ကတော့ စုတ်ရော လာဘ်ပါဝင်တဲ့အခိုက်အတံ့လို့ ဆိုရမှာပါ။ ရာသီ မစတင်မီမှာပဲ ခရစ်စတီယာနိုရော်နယ်ဒို ဝတ်ဆင်မယ့် ဂျူဗင်တပ်အသင်းရဲ့ကျောနံပါတ် ၇ ဂျာစီတွေ လက်မလည်အောင် ရောင်းချနေရပြီး ဂျူဗင်တပ်အသင်းရဲ့ ပရိသတ်ဦးရေတွေဟာလည်း တမဟုတ်ချင်း တိုးတက်များပြားလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရီးရဲမက်ဒရစ်အသင်းဟာ ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးကို အသင်းမှာ မထိန်းသိမ်းထားနိုင်ဘူးဆိုတဲ့ ပရိသတ်တွေရဲ့ ဒေါသတကြီး စွပ်စွဲမှုတွေကြောင့် ဥက္ကဌဖလော်ရန်တီနိုပီးရက်ဇ်ဟာ ပရိသတ်တွေရဲ့အာရုံကို လွှဲစေနိုင်မယ့် ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးကို အသည်းအသန် ရှာဖွေနေရပြီဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းက ဟာဇက်၊ ပီအက်စ်ဂျီအသင်းက နေမာ၊ ဘတ်ပီ စတဲ့ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာတောင်မှ ဒေါသထွက်နေတဲ့ပရိသတ်တွေဟာ ဂျူဗင်တပ်အသင်းကို ပြောင်းလဲအားပေးမယ်လို့ ခြိမ်းခြောက်နေကြပါတယ်။ ရော်နယ်ဒို အသင်းကနေ ထွက်ခွာသွားတာကို မျှမျှတတစဉ်းစားပြီး လက်ခံပေးတဲ့ပရိသတ်တွေရှိသလို၊ ရော်နယ်ဒိုကို အရူးအမူးစွဲလမ်းပြီး ဒေါသအိုးပေါက်ကွဲနေတဲ့ CR7 ခရေဇီပရိသတ်တွေဆိုပြီး ဘက် ၂ ဘက် ကွဲပြားနေပေမယ့် ရော်နယ်ဒို ဘာကြောင့် အသင်းကနေ ထွက်ခွာသွားတာလဲ။ ဘယ်သူ့ကြောင့်လဲ။ ထွက်ခွာဖို့အခြေအနေတွေက ဘယ်အချိန်က စခဲ့တာလဲ။ ရော်နယ်ဒို ထွက်ခွာပြီးနောက် အနာဂတ်အစီအစဉ်က ဘာလဲ စတဲ့ မေးခွန်းတွေ ပလုံစီနေကြပြီဖြစ်ပါတယ်။

 

ဘယ်လိုဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်သွားခဲ့တာလဲ

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ လီဗာပူးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ နောက်ဆုံးအချိန်ကို ရောက်နေခဲ့ပြီဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့ ပရိသတ်တွေအားလုံး ချန်ပီယံလိဂ်သမိုင်းသစ်မှာ ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တာကြောင့် အလွန်အကျူး ပျော်ရွှင်ပြီး အောင်ပွဲခံနေချိန်မှာ ရော်နယ်ဒိုက စိန်ခေါ်မှုအသစ်တွေ စောင့်နေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"ရီးရဲမက်ဒရစ်မှာ ရှိနေရတာ အရမ်းကောင်းမွန်ပါတယ်"

"လာမယ့်ရက်အတွင်းမှာ ကျွန်တော့်ဘက်မှာ အမြဲတမ်းရှိနေပေးခဲ့တဲ့ ပရိသတ်တွေကို တုံ့ပြန်ပေးသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ယင်းပြောကြားချက်ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ တာဝန်ရှိသူတွေကို စိတ်ပျက်ဒေါသထွက်စေခဲ့ပြီး ပရိသတ်တွေအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေဟာ ပြီးခဲ့တဲ့ရာသီမှာ ရော်နယ်ဒိုအတွက် မပျော်မရွှင်ဖြစ်စရာတွေရှိခဲ့တာကြောင့်လို့ ဖြေတွေးပေးခဲ့ကြပါတယ်။

ပရိသတ်တွေ ရော်နယ်ဒိုအပေါ် ဖြေတွေးပေးခဲ့သလို ရော်နယ်ဒိုမှာလည်း အမှန်တကယ် စိတ်ပျက်စရာအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ဟာ ၂၀၁၇-၂၀၁၈ ရာသီမစတင်မီမှာ ရော်နယ်ဒိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ္ဘာပေါ်မှာ လစာအမြင့်မားဆုံးကစားသမားဖြစ်စေရမယ်လို့ ကတိပေးခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရာသီအစမှာ စိတ်ပျက်ဖွယ် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး ရာသီဝက်လောက်မှသာ ပြန်ပြီး ပုံမှန်ခြေစွမ်းပြသပြီး ဂိုးတွေ တရစပ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖလော်ရန်တီနိုပီးရက်ဇ်ဟာ ရော်နယ်ဒိုရဲ့ခြေစွမ်းကို သံသယရှိနေခဲ့ပြီး ကမ္ဘာပေါ်မှာ လစာအများဆုံးရရှိတဲ့ကစားသမားဖြစ်စေမယ့် စာချုပ်သစ်ကို ချုပ်ဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို မပြောင်းရွှေ့မီအချိန်အထိ ဖလော်ရန်တီနိုပီးရက်ဇ် စာချုပ်သစ် ချုပ်ဆိုလာမယ့်နေ့ကို စောင့်မျှော်နေခဲ့ပြီး အပတ်စဉ်သတင်းတွေထဲမှာလည်း ပီးရက်ဇ်ရဲ့ကတိမတည်မှုကြောင့် ဝမ်းနည်းနေကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ နောက်ထပ်တစ်ချက်အနေနဲ့ စပိန်နိုင်ငံရဲ့အခွန်ပြဿနာဟာ ရော်နယ်ဒိုအတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်စေခဲ့ပါတယ်။ တင်းကြပ်လှတဲ့ စပိန်နိုင်ငံရဲ့အခွန်ဥပဒေကြောင့် ကမ္ဘာကျော်ကစားသမားအများစုနဲ့ နည်းပြတွေဟာ အခွန်တိမ်းရှောင်ရင်း မကြာခဏအမှုရင်ဆိုင်ခဲ့ရပြီး ရော်နယဒိုလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက စပိန်တရားရုံးနဲ့ ရော်နယ်ဒိုတို့ အခွန်ကြွေးကျန်အတွက် သဘောတူညီမှုရရှိခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စပိန်ဘဏ္ဍာရေးဌာနကို ယူရို ၁၈.၈ သန်းအထိ ပေးချေရမှာဖြစ်ပါတယ်။

အတွင်းသတင်းရင်းမြစ်တွေဆီက ကြားသိရတဲ့သတင်းတွေအရ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံကို ပေါ်တူဂီအသင်းနဲ့အတူ မထွက်ခွာမီအချိန်ကတည်းက ၎င်းရဲ့ကိုယ်စားလှယ် ဂျော့ဂ်ျမန်းဒက်စ်ကို ပြောင်းရွှေ့ဖို့ အဆင်ပြေနိုင်ခြေရှိတဲ့အသင်းသစ်ကို ရှာဖွေထားဖို့ မှာကြားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ယင်းအချိန်မှာပဲ ရီးရဲမက်ဒရစ်အသင်းက ရော်နယ်ဒိုကို လက်လွှတ်ရတော့မယ့်အခြေအနေကို သတိထားမိပြီး ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။

"ကျွန်တော့်ရဲ့ဘဝမှာ နောက်ထပ်အဆင့်တစ်ခုကို စရမယ့်အချိန် ရောက်လာပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အသင်းကို လက်ခံပေးဖို့ အသင်းကို ကျွန်တော် ပြောခဲ့တာပါ။ နောက်ထပ်တစ်ဖန် အသစ်ပြန်စတင်ဖို့ အချိန်ရောက်လာပြီဆိုတာ ကျွန်တော် သိနေတယ်လေ"လို့ ရော်နယ်ဒိုက Sky Sports ကို ပြောကြားခဲ့ပါတယ်။

 

ဘာကြောင့် ဂျူဗင်တပ်ကို ရွေးချယ်ရတာလဲ

play

 

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ကိုယ်စားလှယ် ဂျော့ဂ်ျမန်းဒက်စ်ဟာ ရော်နယ်ဒို ပြောင်းရွှေ့နိုင်တဲ့အသင်း ၃ သင်းကို တွေ့ခဲ့ပါတယ်။ အဲဒီအသင်းတွေကတော့ မန်ယူ၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်အသင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်အသင်းကို ဂျော့ဂ်ျမန်းဒက်စ် ရွေးချယ်ခဲ့ရတာဟာ ခိုင်လုံတဲ့အကြောင်းပြချက်တွေကြောင့် ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ရာသီစတင်ကတည်းက ကစားသမားသစ် ၂ ဦးဖြစ်တဲ့ ဖရက်ဒ်နဲ့ ဒါလော့တို့ကို လျင်လျင်မြန်မြန်နဲ့ ခေါ်ယူထားခဲ့ပြီး အပြောင်းအရွှေ့အတွက် ခွင့်ပြုထားတဲ့ ပေါင်သန်း ၁၅၀ ထဲက သန်း ၉၀ ခန့်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ယင်းအပြင် မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုကလည်း ရော်နယ်ဒိုလို အသက် ၃၃ နှစ်အရွယ်ကစားသမားတစ်ဦးအတွက် များပြားတဲ့ငွေကြေးပမာဏ မသုံးစွဲနိုင်ကြောင်း ပြောကြားထားတာကြောင့် မန်ယူအသင်းဟာ ဖြစ်နိုင်ခြေစာရင်းထဲက အလိုလိုပယ်ဖျက်ပီးသားဖြစ်သွားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ထိပ်တန်းကစားသမားတွေကို မလွတ်တမ်းခေါ်ယူတတ်တဲ့အသင်းဖြစ်ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ နေမာကို ခေါ်ယူထားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် နေမာနဲ့ ဘတ်ပီတို့ကို ခေါ်ယူခဲ့တဲ့ နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေးပမာဏဟာ ပေါင် ၃၆၆ သန်းအထိ ရှိခဲ့ပြီဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ ဥရောပငွေကြေးဆိုင်ရာထိန်းညှိရေးအဖွဲ့ရဲ့ အရေးယူမှုမခံရဖို့အတွက် ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဂျော့ဂ်ျမန်းဒက်စ်အနေနဲ့ ဂျူဗင်တပ်အသင်းကသာ ရော်နယ်ဒိုနဲ့ သင့်တော်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်ဒိုကို ဆုံးရှုံးလိုက်ရတဲ့ ရီးရဲမက်ဒရစ် ဘာတွေဖြစ်နေပြီလဲ

play

 

ရီးရဲမက်ဒရစ်အသင်းအတွက် ယခုအပြောင်းအရွှေ့ဟာ ကြီးမားတဲ့ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ခဲ့ပြီး အရှက်ရစရာ ကိစ္စလို့တောင် ဆိုရမှာဖြစ်ပါတယ်။ အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဟာ ဥက္ကဌဖလော်ရန်တီနိုပီးရက်ဇ်အတွက် ရော်နယ်ဒိုရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေရာမှာ ကြီးမားတဲ့ဖိအားတွေ ဖြစ်ပေါ်စေခဲ့ပြီဖြစ်ပြီး ရော်နယ်ဒိုထက် မကောင်းရင်တောင် ရော်နယ်ဒိုနီးပါး စွမ်းဆောင်ပြနိုင်တဲ့သူမဖြစ်ခဲ့ရင် ပြဿနာကြီးသွားနိုင်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက နေမာနဲ့ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပြီး ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ယခုလိုကိစ္စတွေဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့တာပေါ်လွင်နေပြီး ရော်နယ်ဒိုထွက်ခွာသွားမှသာ ရာသီသစ်အတွက် လစ်လပ်နေတဲ့ တိုက်စစ်မှူးနေရာကို ရှာဖွေနေရတာဖြစ်ပါတယ်။ နေမာအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို စိတ်ဝင်စားခြင်းရှိ၊ မရှိ မသေချာပေမယ့် ပီအက်စ်ဂျီအသင်းက နေမာအနေနဲ့ လာမယ့်ရာသီမှာ အသင်းမှာဆက်လက်ရှိနေမယ်ဆိုတဲ့စကားကတော့ နေမာကို ခေါ်ယူနိုင်တော့မှာမဟုတ်ဘူးဆိုတာ သေချာစေခဲ့ပါတယ်။ ဟာဇက်ကလည်း ချယ်ဆီးအသင်းရဲ့အဓိကကစားသမားဖြစ်နေတဲ့အတွက် ခေါ်ယူနိုင်ဖို့ မသေချာသလို ဟာဇက်ကိုယ်တိုင်လည်း ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ မျှော်လင့်နိုင်တာဆိုလို့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဘတ်ပီသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့အတွင်းလူတစ်ဦးက ဘတ်ပီကို ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်ဆို ပီအက်စ်ဂျီအသင်းက ရောင်းချမယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD