ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဘယ်သူလဲ။

ယနေ့မော်ဒန်ဘောလုံးလောကကို အသက်ဝင်နေအောင် ဦးဆောင်နေတဲ့သူတွေကတော့ မှော်ဆန်တဲ့ခြေစွမ်းပိုင်ရှင် မက်ဆီနဲ့ လူသားစက်ရုပ်လို့ တင်စားရတဲ့ စံချိန်များရှင်ဂိုးသွင်းစက် ခရစ်စတီယာနိုရော်နယ်ဒိုတို့ပဲ ဖြစ်ပါတယ်။ နှစ်ကာလအားဖြင့် အတိအကျညွှန်းဆိုပြရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၁၁ နှစ် ၂၀၀၇ ခုနှစ်ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုပေးပွဲမှာ ဒုတိယနေရာနဲ့ တတိယနေရာအသီးသီးရပ်တည်နိုင်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုဆိုတဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ၂ ဦးစတင်ပါဝင်လာချိန်ဖြစ်ပါတယ်။ ယင်းအချိန်ကတည်းက စတင်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အပြိုင်အဆိုင် ဆုတံဆိပ်တွေ၊ ဆုဖလားတွေကို သိမ်းပိုက်ခဲ့ကြပြီး သူတပြန်ကိုယ်တပြန်နဲ့ ဘောလုံးလောကကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မက်ဆီဟာလည်း ဘာစီလိုနာအသင်းနဲ့ စံချိန်သစ်တွေ တင်နိုင်ခဲ့ပြီဖြစ်သလို ရော်နယ်ဒိုဟာလည်း ရီးရဲမက်ဒရစ်အသင်းနဲ့ ရယူစရာ အောင်မြင်မှုတွေ ကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့ လောကနိယာမအရ ခေတ်သစ်တစ်ခုကို ဦးဆောင်မယ့် ပါရမီရှင် လူငယ်ကစားသမားလေးတွေလည်း အပြိုင်အဆိုင်ပေါ်ပေါက်လာကြပြီဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့နေရာမှာ ဘယ်သူတွေက တစ်ထပ်တည်းခြေရာနင်းပြီး ခေတ်တစ်ခုကို ထူထောင်နိုင်မလဲဆိုတာ မြင်တွေ့ရဖို့ နီးစပ်လာပြီဖြစ်ပါတယ်။



 

ဖီဖာကနေ ထုတ်ပြန်လိုက်တဲ့ အကောင်းဆုံးအမျိုးသားကစားသမား ဆန်ကာတင် ၁၀ ဦး

37759106_10205068817555610_7705174580314243072_n.png 

ယနေ့မှာ ဖီဖာကနေ နှစ်စဉ်ပေးအပ်နေတဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ကစားသမားစာရင်းတွေကတော့ ထွက်ပေါ်လို့ လာခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိသာ ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် အကျံုံးဝင်မှာဖြစ်ပြီး မဲပေးဖို့ကာလကိုတော့ ဇူလိုင်လ ၂၄ ရက်နေ့ကနေ သြဂုတ်လ ၁၀ ရက်နေ့အထိ မဲပေးခွင့်ပေးထားပါတယ်။ ဖီဖာကနေ ထုတ်ပြန်ခဲ့တဲ့ ဆန်ကာတင် ၁၀ ဦးစာရင်းမှာ ခရစ်စတီယာနိုရော်နယ်ဒို၊ မက်ဆီ၊ မိုဟာမက်ဆာလာ၊ အီဒင်ဟာဇက်၊ ဘတ်ပီ၊ မိုဒရစ်၊ ဗာရာနီ၊ ဂရစ်ဇ်မန်း၊ ဟယ်ရီကိန်း၊ ဒီဘရိုင်းတို့ ပါဝင်နေပြီး ဘတ်ပီနဲ့ ဗာရာနီတို့ဟာ ယခုနှစ်မှာ ပထမဆုံးအကြိမ် ဖီဖာရဲ့ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဖီဖာဟာ ယခင်နှစ်တွေတုန်းက ဆန်ကာတင်စာရင်းကို ၂၅ ဦးအထိ ထုတ်ပြန်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ၁၀ ဦးအထိ လျှော့ချပြီး ဆုရွေးချယ်မှုပုံစံကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ အကောင်းဆုံးပုံစံပြသခဲ့တဲ့ ဘတ်ပီဟာ ယခုနှစ်ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဖြစ်လာနိုင်မလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြည်တွင်းလိဂ်ဖလားအပြင် အခြားပြည်တွင်းဖလား ၃ လုံးကို ရယူထားနိုင်တဲ့ကစားသမားဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။ အောင်မြင်မှုအရ သုံးသပ်ရမယ်ဆိုရင် ဘတ်ပီဟာ ယခုနှစ် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိနိုင်ခြေရှိနေပါတယ်။

 

မော်ဒန်ဘောလုံးလောကကို ဦးဆောင်နေသူ ၂ ဦးရဲ့အခြေအနေ

the_best_fifa_awards.jpg 

ဖီဖာကနေ ပေးအပ်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးထားတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပြီး စူပါကိုပါဒီအက်စ်ပါနာဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာလည်း ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို တတိယအကြိမ်မြောက် ရယူပြီး စံချိန်သစ် ရေးထိုးနိုင်ခြေရှိနေပါတယ်။

 

မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ထင်သလောက် မပေါက်ခဲ့ဘဲ ပြည်တွင်းဖလား ၂ လုံးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းကို ဦးဆောင်ပြီး ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်ခဲ့တာမရှိခဲ့ဘဲ ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ ပြင်သစ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရိုးမားအသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ပြီး လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီဟာ မက်ဆီရဲ့နှစ် မဟုတ်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

 

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုဆိုတာ ဘယ်လိုကစားသမားမျိုးကို ပေးအပ်လေ့ရှိလဲ

maxresdefault.jpg 

ဖီဖာကနေ နှစ်စဉ်ပေးအပ်နေတဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဂျာနယ်လစ်များ၊ ပရိသတ်များ၊ နိုင်ငံအသင်းနည်းပြများနဲ့ အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်ပြီး ဆုချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။ ယခုနှစ်ပေးအပ်မယ့် ဖီဖာရဲ့အကောင်းဆုံးအမျိုးသား ကစားသမားဆုဟာ ယခင်နှစ်တွေနဲ့မတူပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးလည်း ကျင်းပခဲ့တဲ့နှစ်ဖြစ်တဲ့အတွက် ထည့်သွင်းစဉ်းစားစရာ နောက်ထပ်ပြိုင်ပွဲတစ်ခု ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့လာရာလမ်းကြောင်းကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို အကောင်းဆုံးပုံုစံနဲ့ ဦးဆောင်ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ယူပြီး ဥရောပချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားနေတဲ့အချိန်မှာ ဘတ်ပီ ဘာဖြစ်နေခဲ့သလဲ 

ယင်းအချက်တွေကို ထောက်ရှုကြည့်မယ်ဆိုရင် ဖီဖာကနေ ပေးအပ်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိခဲ့တဲ့သူတွေဟာ ဆုဖလား ၄ လုံးကနေ ၅ လုံးအထိ ရရှိသူတွေဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ယခုနှစ်မှာတော့ ဆုဖလားအများဆုံးရရှိထားသူကတော့ ဗာရာနီဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ ဆုဖလား ၄ လုံး၊ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ရရှိထားသူဖြစ်ပါတယ်။ ဖလား ၄ လုံးရရှိထားသူတွေကတော့ ရော်နယ်ဒို၊ ဘတ်ပီ၊ မိုဒရစ်တို့ဖြစ်ပြီး ၎င်းတို့ ၄ ဦးထဲက တစ်ဦး ဆုရရှိဖို့ ကျိန်းသေသလောက်ရှိနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

 

ဖီဖာရဲ့အကောင်းဆုံးအမျိုးသမားကစားသမား ဘယ်သူဖြစ်နိုင်မလဲ

cristiano-ronaldo-real-madrid-champions-league-final-260518_14l4mylhaxcjs1mljwj7aogxaz.jpg 

ကမ္ဘာ့အကောင်းဆုံးဆုတွေကို နှစ်စဉ်သိမ်းပိုက်နေတဲ့ ကစားသမားတစ်ဦးရဲ့ မသိမသာလွှမ်းမိုးချုပ်ကိုင်မှုဟာ လူ့သဘောသဘာဝအရ မဲပေးရွေးချယ်မယ့် ဂျာနယ်လစ်များ၊ ပရိသတ်များ၊ နိုင်ငံအသင်းနည်းပြများနဲ့ အသင်းခေါင်းဆောင်များရဲ့ မသိစိတ်ထဲမှာ နေရာယူနေနိုင်ပါတယ်။ အောင်မြင်မှုတွေ ကိုယ်စီနဲ့ သူမသာကိုယ်မသာ ရရှိထားတဲ့ ကစားသမားတွေ များပြားနေတဲ့အတွက် ယခုနှစ်ပေးအပ်မယ့် ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုဟာ ခန့်မှန်းရအခက်ခဲဆုံးလို့တောင် ပြောလို့ရနိုင်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ရော်နယ်ဒိုရရှိခဲ့တဲ့ ဆုဖလားတွေကို သုံးသပ်ရမယ်ဆိုရင် စူပါကိုပါဒီအက်စ်ပါနာဖလားကလွဲရင် ကျန်တဲ့ ဖလား ၃ လုံးဟာ ဥရောပနဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ ဖလားတွေဖြစ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဥရောပဖလားကနေ ဥရောပချန်ပီယံလိဂ်ဖလားလို့ အမည်ပြောင်းလဲခေါ်တွင်ပြီးနောက် ပထမဆုံးအသင်းနဲ့အတူ ၃ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်က ရော်နယ်ဒိုဆုရရှိဖို့ အထောက်အပံ့ကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းကို ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်အောင် အဓိကရုန်းကန်ခဲ့သူဖြစ်ပြီး ၄ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒိုအနေနဲ့ အောင်မြင်မှုမရရှိခဲ့ပေမယ့် ပရိသတ်တွေကပေးတဲ့ အကောင်းဆုံးဆုကို ရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

လူကာမိုဒရစ်ကို ကြည့်လိုက်မယ်ဆိုရင် ရော်နယ်ဒိုအတိုင်းပဲ ဆုဖလား ၄ လုံးရရှိထားတဲ့ ကစားသမားဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ မိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရွှေဘောလုံးဆုကို ရရှိခဲ့သူလည်းဖြစ်ပြီး ၂၀၁၈ ဘလွန်းဒီအော်ဆုကို ရရှိဖို့လည်း ရေပန်းစားနေသူဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဖော်ဟောင်းဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တောင် မဲပေးမယ့် ပရိသတ်အင်အားဘက်မှာ အားနည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဂျာနယ်လစ်၊ နိုင်ငံအသင်းနည်းပြတွေနဲ့ အသင်းခေါင်းဆောင်ရဲ့မဲကို မိုဒရစ်ရဲ့ ခရိုအေးရှားအသင်းအတွက် မဆုတ်မနစ်တဲ့ဇွဲနဲ့ ပေးဆပ်ခဲ့မှုတွေကြောင့် ရော်နယ်ဒိုထက် အနည်းငယ်အသာစီးပိုမိုရရှိနိုင်တာကို တွေ့ရပါတယ်။

 

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆယ်ကျော်သက်ကစားသမားလေး ဘတ်ပီဟာ တစ်ခေတ်မှာတစ်ယောက်လို့ တင်စားရတဲ့ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ပီလီ နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမား ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြည်တွင်းဖလား ၃ လုံးကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘတ်ပီဟာ ဆယ်ကျော်သက်ဘဝမှာပဲ ကမ္ဘာ့အဆင့်အောင်မြင်မှုကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စွမ်းဆောင်ရည်အရ ဖီဖာက ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင် ၁၀ ဦးစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဘတ်ပီအနေနဲ့ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာဟာ အထင်ကြီးလေးစားဖွယ်ဖြစ်ပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရရှိခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ဘတ်ပီအနေနဲ့ ဖီဖာကနေပေးအပ်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် အရည်အချင်းပြည့်မီတဲ့ ဆန်ကာတင်စာရင်းဝင်ကစားသမားတစ်ယောက်လို့ ဆိုရမှာဖြစ်ပြီး အမှန်တကယ်ရရှိဖို့ လက်တစ်ကမ်းအကွာမှာ ရှိနေပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းရဲ့ဗဟိုခံစစ်ကစားသမား ဗာရာနီကတော့ အသင်းဖော်ဟောင်း ခရစ်စတီယာနိုရော်နယ်ဒိုနဲ့အတူ ရီးရဲမက်ဒရစ်အသင်းအတွက် ဆုဖလား ၄ လုံးရယူပေးနိုင်ခဲ့တဲ့အပြင် ပြင်သစ်အသင်းနဲ့ပါ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဆုဖလားအောင်မြင်မှုအရ သုံးသပ်ရမယ်ဆိုရင် ဆန်ကာတင် ၁၀ ဦးစာရင်းထဲမှာ ဗာရာနီဟာ အအောင်မြင်ဆုံးဖြစ်ပြီး ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုဟာ ဂျာနယ်လစ်များ၊ ပရိသတ်များ၊ နိုင်ငံအသင်းနည်းပြများနဲ့ အသင်းခေါင်းဆောင်များရဲ့ မဲပေးရွေးချယ်မှုနဲ့ ပေးအပ်မှာဖြစ်တဲ့အတွက် ဆုဖလားအောင်မြင်မှုကို ကြည့်ပြီး ဆုပေးမှာလား၊ တစ်ဦးချင်းစွမ်းဆောင်ရည်ကို ကြည့်ပြီး ဆုပေးမှာလားဆိုတာစဉ်းစားရင်း မဲပေးရွေးချယ်သူတွေအနေနဲ့ အကျပ်ရိုက်နေပြီလို့ ယူဆရပါတယ်။

 

ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ကိုယ်တိုင်မဲပေးရွေးချယ်မယ်

fif.JPG 

ဖီဖာကနေ နှစ်စဉ်ပေးအပ်နေတဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေကို ကိုယ်တိုင်မဲပေးရွေးချယ်ခွင့်ပေးထားပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ https://www.fifa.com/the-best-fifa-football-awards/best-fifa-mens-player/ ယခုပေးထားတဲ့လင့်ခ်ကို နှိပ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။ လင့်ခ်ကို နှိပ်လိုက်ပြီဆိုရင်တော့ ဖီဖာရဲ့တရားဝင်ဝက်ဘ်ဆိုက်ထဲကို ရောက်ရှိသွားမှာဖြစ်ပြီး အကောင့်ဖွင့်ရမှာဖြစ်ပါတယ်။ အကောင့်သစ်မဖွင့်ချင်ဘူးဆိုရင်လည်း မိမိရဲ့ဖေ့စ်ဘုတ်အကောင့်နဲ့ Log in ဝင်ရောက်လို့ရပါတယ်။ အကောင့်ရရှိသွားပြီဆိုရင်တော့ အထက်ပါပုံမှာ ပြသထားတဲ့အတိုင်း ကစားသမားတွေရဲ့အောက်ခြေက ၁၊ ၂၊ ၃ နေရာမှာ မိမိပထမပေးချင်တဲ့ကစားသမားအတွက် ၁ ကို နှိပ်ရမှာဖြစ်ပြီး ၂ ပေးချင်တဲ့ကစားသမားအတွက် ၂ ကို နှိပ်၊ ၃ ပေးချင်တဲ့ကစားသမားအတွက် ၃ ကိုနှိပ်ရမှာပါ။ ၃ ဦးစလုံးကို မဲပေးရွေးချယ်ပြီးရင်တော့ မဲပေးမှုကို အတည်ပြုစေမှာဖြစ်ပြီး အတည်ပြုကြောင်း နှိပ်ပေးလိုက်ရင် မဲပေးရွေးချယ်မှု ပြီးဆုံးပြီဖြစ်ပါတယ်။ ဂျာနယ်လစ်များ၊ ပရိသတ်များ၊ နိုင်ငံအသင်းနည်းပြများနဲ့ အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်ပြီး မဲအများဆုံးရရှိတဲ့ကစားသမားကို စက်တင်ဘာလ ၂၄ ရက်နေ့ လန်ဒန်မြို့မှာ ဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က