AD
AD
AD

၂၀၁၇-၂၀၁၈ ရာသီ ကုန်ဆုံးဖို့ကလည်း လအနည်းငယ်သာ လိုအပ်တော့ပြီး ဥရောပတစ်လွှားက လူကြိုက်များကျော်ကြားတဲ့အသင်းတွေထဲမှာ အသင်းအတွက် ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်ဘဲ ပရိသတ်တွေရဲ့ အမုန်းတွေကို ခံယူနေရတဲ့ နည်းပြတွေရှိနေပါတယ်။ ယင်းနည်းပြတွေထဲမှာ အသင်းကနေ လိုလိုလားလား နှုတ်ထွက်စာတင်ပြီး ထွက်မယ့်နည်းပြတွေပါသလို အသင်းမှာ ဆက်လက် နည်းပြလိုတဲ့သူတွေလည်း ပါနေပါတယ်။ ဒါကြောင့် ယခုနွေရာသီမှာ မဖြစ်မနေ နည်းပြတွေကို ထုတ်ပယ်သင့်တဲ့အသင်း ၅ သင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ချယ်ဆီး

play

 

ချယ်ဆီးအသင်းကို ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကွန်တီဟာ ယခုရာသီမှာတော့ ချယ်ဆီးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရေမရာဖြစ်စေတဲ့အထိ စွမ်းဆောင်ရည်ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ကွန်တီဟာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဒီယေဂိုကော်စတာကို အပြစ်မရှိအပြစ်ရှာပြီး ထုတ်ပယ်ခဲ့တဲ့အပြင် အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဟာလည်း အသင်းအတွက် အထောက်အပံ့ဖြစ်မလာဘဲ ပြီးခဲ့တဲ့ရာသီက လူစာရင်းရဲ့တစ်ဝက်လောက်တောင် အကျိုးသက်ရောက်မှုမရှိတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ ၅ မှတ်အကွာ ၅၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

 

၂။ ရီးရဲမက်ဒရစ်

 

နည်းပြဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းကို စတင်တာဝန်ယူကိုင်တွယ်တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ ယနေ့အချိန်အထိ လာလီဂါဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ဥရောပစူပါဖလား ၂ ကြိမ်အထိ ရယူပေးထားပေမယ့် ယခုရာသီအစကတည်းက ဆိုးရွားတဲ့ရလဒ်တွေကနေ ပြန်လည်မရုန်းထွက်နိုင်ခဲ့ပါဘူး။ နည်းပြဇီဒန်းအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ချန်ပီယံဆုကို ပထမဆုံးကာကွယ်နိုင်တဲ့အသင်း ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ယခုရာသီ လာလီဂါမှာတော့ ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ၁၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေရတာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဇီဒန်းဟာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ရယူနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီ ရီးရဲမက်ဒရစ်အသင်းမှာ ထပ်မံပြီး နည်းပြအဖြစ် မြင်တွေ့နိုင်မယ်ဆိုပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်အသင်းနဲ့ တွေ့ဆုံနေတာကြောင့် မသေချာမရေရာဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဇီဒန်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ နောက်ဆုံးကျည်တစ်တောင့်ဖြစ်နေပြီး ယင်းပြိုင်ပွဲမှာမှ ရီးရဲမက်ဒရစ်အသင်းကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ ထုတ်ပယ်သင့်တဲ့နည်းပြဆိုတာ သေချာသွားမှာဖြစ်ပါတယ်။

 

၃။ ပီအက်စ်ဂျီ

 

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေ စိတ်ပျက်ဖွယ်ထွက်ခွာခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ အူမရီကို ထုတ်ပယ်ဖို့အတွက် ဒီထက် ခိုင်လုံတဲ့အကြောင်းပြချက် မရှိတော့ပါဘူး။ လောရန့်စ်ဘလန့် ထွက်ခွာသွားပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ချိန်ကတည်းက အူမရီရဲ့စိတ်ထဲမှာ ချန်ပီယံလိဂ်ဖလားကိုသာ အာရုံစိုက်ထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဆီဗီလာအသင်းကို ၃ နှစ်ဆက်တိုက် ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ အူမရီဟာ ပီအက်စ်ဂျီအသင်းကိုလည်း ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်လိမ့်မယ်ဆိုတဲ့တွက်ကိန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယင်းတွက်ကိန်းကို လွဲချော်စေခဲ့တဲ့ အူမရီကို ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ မဖြစ်မနေထုတ်ပယ်သင့်ပြီး အခြားထိပ်တန်းနည်းပြတစ်ဦးနဲ့ အစားထိုးမှသာ ချန်ပီယံလိဂ်အိပ်မက်ကို ဆက်မက်နိုင်မှာဖြစ်ပါတယ်။

 

၎။ အာဆင်နယ်

 

အာဆင်နယ်အသင်းရဲ့သက်တော်ရှည်နည်းပြကြီး အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုလာတဲ့သူဆိုလည်း မှားမယ်မထင်ပါဘူး။ အာစင်ဝင်းဂါးရဲ့လူငယ်စီမံကိန်းကြောင့် အာဆင်နယ်အသင်းအနေနဲ့ အကျိုးအမြတ်များစွာရရှိခဲ့ပေမယ့် အောင်မြင်မှုနဲ့တော့ ဝေးကွာခဲ့ရပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ယနေ့အချိန်အထိ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၇ ကြိမ်ရယူပေးထားတဲ့နည်းပြဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၃-၂၀၀၄ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံမရရှိတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုရာသီမှာ အက်ဖ်အေဖလား၊ လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ဖလားပြိုင်ပွဲဟာ အာစင်ဝင်းဂါးအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ မျိုးဆက်သစ်ပရိသတ်တွေအနေနဲ့ အာစင်ဝင်းဂါး အောင်မြင်မှုတွေ ရရှိခဲ့ချိန်နဲ့ ဝေးကွာခဲ့ပြီဖြစ်တဲ့အတွက် သည်းခံစောင့်ဆိုင်းလိုစိတ်မရှိဖြစ်နေပြီး အသင်းကနေ နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေပြုလုပ်နေပြီဖြစ်တာကြောင့် ယူရိုပါလိဂ်မှာအောင်မြင်မှုမရခဲ့ရင်တော့ ယခုရာသီဟာ နည်းပြအာစင်ဝင်းဂါးအတွက် နောက်ဆုံးရာသီ ဖြစ်သွားမှာ သေချာပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD