AD
AD
AD

ယနေ့ခေတ် ဘောလုံးလောကမှာတော့ လူမှုကွန်ရက်ပေါ်မှာ ဘောလုံးသမားတိုင်း Troll ခံရတာကနေ လွတ်တဲ့သူရှိမှာမဟုတ်ပါဘူး။ ကောင်းတဲ့အရာပဲဖြစ်ဖြစ်၊ ဆိုးတဲ့အရာပဲဖြစ်ဖြစ်၊ အရှက်ရစရာအဖြစ်အပျက်ပဲဖြစ်ဖြစ် လူမှုကွန်ရက်ပေါ်မှာ တင်လိုက်တာနဲ့ ချက်ချင်း လူသန်းပေါင်းများစွာဆီကို ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ အချို့သော Troll တွေဟာ ဟာသထက် Cyberbullying ပိုဆန်နေပြီး ကမ္ဘာကျော် ဘောလုံးသမားတွေဟာလည်း လူသားထဲက လူတွေသာဖြစ်တာကြောင့် စိတ်ခံစားချက်ရှိကြမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ လူမှုကွန်ရက်မှာ လေးစားမှုနဲ့ထိုက်တန်ပေမယ့် လေးစားမှုမရဘဲ အတိုက်အခိုက်ခံရဆုံး ကစားသမား ၃ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

 

၁။ လူကာကူ(မန်ချက်စတာယူနိုက်တက်)

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ ယခုရာသီ အချို့ပွဲစဉ်တွေမှာ ကြိုးစားအားထုတ်မှုမရှိဘဲ ဘောလုံးကိုသာ စောင့်ဆိုင်းနေပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့် ဝိုင်းဝန်းတိုက်ခိုက်ခံနေရသူဖြစ်ပါတယ်။ အဲဗာတန်အသင်းမှာ ကစားစဉ်ကတည်းက ပွဲကြီးပွဲကောင်းတွေမှာ ဂိုးပေါက်လွဲချော်မှုကြောင့် မကြာခဏ အရန်ခုံမှာ ထိုင်နေခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် လူတွေဟာ လူကာကူတစ်ဦးတည်းကိုသာ အာရုံစိုက်အပြစ်တင်နေပြီး ပံ့ပိုးမှုတွေ မလုပ်နိုင်တဲ့အသင်းဖော်တွေကိုတော့ ဂရုမပြုမိကြပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းက လူကာကူကို ပေါင် ၇၅ သန်းပေးပြီး ခေါ်ယူတဲ့အချိန်ကတည်းက လူတွေအများစုဟာ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပြီး လူကာကူကို အရာအာလုံးလက်မြှောက်အရှုံးပေးချင်စိတ်ပေါက်လာအောင် ဖိအားပေးခဲ့ကြပါသေးတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၉ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူနိုင်ချိန်မှာတော့ အသံတိတ်သွားခဲ့ပေမယ့် ဂိုးမသွင်းနိုင်တဲ့ကာလကို ရောက်လာတဲ့အချိန်မှာတော့ ဝေဖန်သံတွေက ပြန်လည်ထွက်ပေါ်လာပါတယ်။ လူကာကူ ပထမဆုံးဘောလုံးထိတဲ့အချိန်၊ ကစားပွဲအပေါ်မှာ ထားတဲ့ စိတ်နေစိတ်ထား၊ ကြီးမားလှတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဝိုင်းဝန်းရယ်မောလှောင်ပြောင်ခံနေရတာဟာ လူတွေရဲ့ မရင့်ကျက်မှုနဲ့ တရားမျှတမှုကင်းမဲ့တဲ့လုပ်ရပ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ယခုရာသီမှာ ပုံစံကောင်း ပြသဖို့ ရုန်းကန်နေရပြီး အသင်းဖော်တွေဖြစ်တဲ့ ဂျက်ဆီလင်ဂတ်၊ ဆန်းချက်ဇ်တို့နဲ့ နားလည်မှုရရှိအောင် တည်ဆောက်နေရဆဲဖြစ်ပါတယ်။

 

၂။ ပေါ်လင်ဟို(ဘာစီလိုနာ)

play

 

ပြီးခဲ့တဲ့နှစ်တွေက အပြောင်းအရွှေ့ဈေးကွက်ဟာ ထူးဆန်းအံ့သြရလောက်တဲ့ အပြောင်းအရွှေ့မရှိတဲ့အတွက် ပေါ်လင်ဟိုကို ဘာစီလိုနာအသင်းက ခေါ်ယူခဲ့တာကို အထူးတလည်အံ့သြနေတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ကစားပေးခဲ့စဉ်ကတည်း လိုအပ်တဲ့အဆင့်တစ်ခုကို ရောက်ရှိဖို့အတွက် ပေါ်လင်ဟို ရုန်းကန်ခဲ့ရပါတယ်။ ပေါ်လင်ဟိုဟာ မလိမ်ခေါက်နိုင်ပါဘူး။ ဂိုးတွေလည်း မသွင်းယူနိုင်ပါဘူး။ ပြီးတော့ ဘာတစ်ခုမှ မစွမ်းဆောင်ပြနိုင်ခဲ့ပါဘူး။ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့သွားခဲ့တဲ့အချိန်မှာ ပေါ်လင်ဟိုအတွက် ဥရောပထိပ်တန်းအဆင့် ကစားသမားဘဝ ပြီးဆုံးသွားခဲ့ပြီလို့ ယူဆခဲ့ကြပေမယ့် ဘာစီလိုနာအသင်းက ပေါ်လင်ဟိုကို ခေါ်ယူလိုက်တဲ့အတွက် အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ ပေါ်လင်ဟို အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ပြောတဲ့သူတွေကို လူအချို့က ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ တစ်ခါတစ်ရံ ဘာကြောင့် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပေါ်လင်ဟို စွမ်းဆောင်နိုင်ခဲ့တာကို လစ်လျူရှုထားကြတာလဲလို့ လူတွေကို မေးခွန်းထုတ်စရာတွေ ပေါ်လာပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ ပေါ်လင်ဟိုဟာ ဘရာဇီးအသင်းအတွက် ကွင်းလယ်ကစားသမားတစ်ယောက် အနေနဲ့ ၅ ဂိုးသွင်းယူပေးခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် တစ်ထောင့်တစ်နေရာကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက်လည်း စစချင်း ၁၇ ပွဲမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ချီးကျူးလက်ခုပ်သံတွေ မကြားခဲ့ရပါဘူး။ ပေါ်လင်ဟိုဟာ ဘာစီလိုနာအသင်းလိုအပ်နေတဲ့ သန်မာပြီး အကျိုးသက်ရောက်မှုအရှိဆုံး ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ဂန္တဝင် ကစားသမားစာရင်းမှာ ပေါ်လင်ဟို ဘယ်တော့မှ မပါဝင်နိုင်ပေမယ့် ယခုရာသီ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်ကနေ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့တာကို ပေါ်လင်ဟိုအနေနဲ့ အမြဲသတိရနေမှာဖြစ်ပါတယ်။

 

၃။ မာရီယိုဘာလိုတယ်လီ(နိုက်စ်)

play

 

အင်တာမီလန်၊ မန်ချက်စတာစီးတီး၊ အေစီမီလန်၊ လီဗာပူးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ မာရီယိုဘာလိုတယ်လီဟာ အသက် ၂၇ နှစ်အရွယ်သာရှိသေးပေမယ့် ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက ဘာလိုတယ်လီကို အသက်ထက် ပိုပြီးရင့်ကျက်စေခဲ့ပါတယ်။ အေစီမီလန်အသင်းမှာ ဂိုးသွင်းယူအပြီး လေထဲမှာ သေနတ်ပစ်တဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တဲ့ ဘာလိုတယ်လီဟာ မန်ချက်စတာစီးတီးအသင်းမှာ ကစားစဉ်က မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီတစ်ရက် သူငယ်ချင်းတွေနဲ့ အိမ်မှာ မီးရှူးမီးပန်းတွေ ဆော့ကစားရင်း ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့သလိုဖြစ်ခဲ့ပါသေးတယ်။ ဘာလိုတယ်လီဟာ သာမန်အားဖြင့် ပျော်ပျော်နေတတ်တဲ့သူဖြစ်ပေမယ့် ပရိသတ်တွေရဲ့ လှောင်ပြောင်သရော်ခြင်း၊ လူမျိုးရေးခွဲခြားခံရမှုတွေကြောင့် အမြဲတမ်းလိုလို အရယ်အပြုံးမရှိဘဲ စိတ်တိုလွယ်တဲ့လူတစ်ယောက် ဖြစ်လာတာဖြစ်ပါတယ်။ ဘာလိုတယ်လီကို ဝိုင်းဝန်းအနိုင်ကျင့်နေတဲ့သူတွေအနေနဲ့ ဘာလိုတယ်လီရဲ့ အရည်အချင်းနဲ့ ပါရမီကို လစ်လျူရှုထားကြပါတယ်။ ဘာလိုတယ်လီအတွက် အဆိုးရွားဆုံးရာသီကတော့ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ လီဗာပူးအသင်းမှာ ကစားခဲ့စဉ်က ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့လည်း ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီး တစ်ရာသီလုံးမှာမှ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပြင်သစ်လီဂူးဝမ်းအသင်းဖြစ်တဲ့ နိုက်စ်အသင်းအတွက် ကစားပေးနေပြီး ယခုရာသီမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်သာရှိသေးတဲ့ ဘာလိုတယ်လီအနေနဲ့ အကောင်းဆုံးနှစ်အပိုင်းအခြားတွေကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ဥရောပဘောလုံးလောကထဲကို ပြန်မရောက်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD