AD
AD
AD

ယခုရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ တိုက်စစ်မှူးတွေကလည်း ဂိုးတွေသွင်းယူပြီး ဥရောပရွှေဖိနပ်ဆုအတွက် တိုက်ပွဲဝင်နေသလို ဂိုးဖန်တီးရှင်တွေကလည်း ဥရောပမှာ တိုက်ပွဲတွေ ပြင်းထန်နေကြပါတယ်။ ဥရောပမှာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးအများဆုံးပြုလုပ်ထားတဲ့ ကစားသမား ၅ ဦးကို ယခု ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

၁။ ကယ်ဗင်ဒီဘရိုင်း (မန်ချက်စတာစီးတီး)

play

 

ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ထားပြီး ဥရောပမှာ ဒီဘရိုင်းရဲ့ဂိုးဖန်တီးမှုကို အနီးစပ်ဆုံးလိုက်မီသူကတော့ ၁၃ ကြိမ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကနေ ယနေ့အချိန်အထိ ဥရောပထိပ်သီးလိဂ် ၅ ခုက မည်သည့်ကစားသမားမဆို ဂိုး ဖန်တီးမှု ၄၂ ကြိမ်ပြုလုပ်ထားတဲ့ ဒီဘရိုင်းထက် ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခြင်းမရှိသေးပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ ၆ ပွဲသာလိုတော့တဲ့အချိန်မှာ ဒီဘရိုင်းဟာ ဂိုးသွင်းယူနိုင်ဖို့အခွင့်အရေးဖန်တီးမှု ၁၀၂ ကြိမ်အထိ ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပါတယ်။

 

၂။ ဒီမီထရီပါရက် (မာဆေးလ်)

play

 

ဝက်စ်ဟမ်းအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ပါရက်ဟာ မာဆေးလ်အသင်းမှာ ကျောနံပါတ် ၁၀ ရဲ့ အခန်းကဏ္ဍကို အပီပြင်ဆုံး စွမ်းဆောင်နေတဲ့ ကစားသမားဖြစ်ပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်တဲ့အပြင် ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးဖန်တီးမှု ၉၈ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ပါရက်ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ပါရက်လိုမျိုး ၃ လကျော်အတွင်း ယခုလောက် ဂိုးဖန်တီးမှု အကြိမ်ရေကို ဥရောပထိပ်သီးလိဂ်က မည်သည့်ကစားသမားကမှ စွမ်းဆောင်နိုင်ခြင်းမရှိပါဘူး။

 

၃။ အိုဇေးလ် (အာဆင်နယ်)

play

 

ပြီးခဲ့တဲ့ဇန်နဝါရီလကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အိုဇေးလ်ဟာ ယခုရာသီမှာ ဂိုးဖန်တီးမှု ပြီးခဲ့တဲ့ရာသီတွေကလောက် မပြုလုပ်နိုင်သေးပါဘူး။ ယခုရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းအတွက် ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပြီး အဲရစ်ဆင်၊ ဒဲလ်အယ်လီနဲ့ ဒီဘရိုင်းတို့ထက် မိနစ်လျော့ကစားထားပေမယ့် အသင်းအတွက် အခွင့်အရေးဖန်တီးမှု ၈၄ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက အိုဇေးလ်ဟာ အသင်းအတွက် အခွင့်အရေးဖန်တီးမှု ၁၀၀၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။

 

၎။ လိုရန်ဇိုအင်စစ်ဂနီ (နာပိုလီ)

play

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်စစ်ဂနီဟာ ယခုရာသီ စီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ တကယ်လို့ နာပိုလီအသင်းအနေနဲ့ ယခုရာသီမှာ ဂျူဗင်တပ်အသင်းကို ကျော်ဖြတ်ပြီး စီးရီးအေဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် အင်စစ်ဂနီရဲ့ စွမ်းဆောင်ရည်ဟာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အင်စစ်ဂနီဟာ ယခုရာသီမှာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးဖန်တီးမှု ၈၃ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ချီယေးဗိုးအသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက်အခွင့်အရေးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ယင်းအရေအတွက်ဟာ ယခုရာသီ စီးရီးအေရဲ့ မည်သည့်အကောင်းဆုံးကစားသမားတွေထက်မဆို ပိုပြီး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

 

၅။ ဖာဘရီဂတ်စ် (ချယ်ဆီး)

play

 

ဖာဘရီဂတ်စ်ဟာ ယခုရာသီမှာ အဆိုးရွားဆုံးပုံစံနဲ့ ရင်ဆိုင်နေရပြီး ဂိုးဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ယင်းအရေအတွက်ဟာ မော်ရင်ဟို စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ နောက်ဆုံးကိုင်တွယ်သွားခဲ့တဲ့ရာသီပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖာဘရီဂတ်စ်ဟာ အသင်းအတွက် အခွင့်အရေးဖန်တီးမှု အကြိမ်ရေ ၈၀ အထိ ပြုလုပ်ထားနိုင်တာကို အံ့အားသင့်စရာ မြင်တွေ့ရပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD