International Sports: Ballon d'Or ဆုနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

ဘောလုံးသမားတွေအတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ဆုဖြစ်ပါတယ်။

ယနေ့ည ပြင်သစ်နိုင်ငံ၊ အီဖယ်မျှော်စင်ကြီးရဲ့အောက်မှာ ပေးအပ်ချီးမြှင့်တော့မယ့် Ballon d'Or ဆုနဲ့ပတ်သက်ပြီး လူသိနည်းပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

Ballon d'Or ဘယ်ကစ

ဘလွန်းဒီအော်ဆုကို ၁၉၅၆ ခုနှစ်မှာ ပြင်သစ် L'Equipe မဂ္ဂဇင်းက ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဘလွန်းဒီအော်ဆုကို ဖီဖာဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းပေးအပ်ခဲ့ပြီး ဖီဖာဘလွန်းဒီအော်ဆုလို့ ခေါ်တွင်စေခဲ့ပါတယ်။

 

မဲကို ဘယ်သူတွေက ပေးတာလဲ

ဘလွန်းဒီအော်ဆုအတွက် ဥရောပတစ်လွှားက သတင်းထောက်တွေက မဲပေးကြတာဖြစ်ပါတယ်။ ဖီဖာနဲ့ ပူးပေါင်းပေးအပ်ခဲ့တဲ့အချိန်မှာတော့ မဲပေးတဲ့စနစ်ကို ပြောင်းလဲခဲ့ပြီး ထင်ပေါ်ကျော်ကြားတဲ့ ဂျာနယ်လစ်၊ နိုင်ငံလက်ရွေးစင်နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေကကို ဖိတ်ကြားပြီး မဲပေးရွေးချယ်စေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ မူလမဲပေးစနစ်ကို ပြန်လည်ကျင့်သုံးခဲ့ပါတယ်။

play

 

ဘလွန်းဒီအော်ဆုကို ပထမဆုံးပေးအပ်ခြင်းခံခဲ့ရသူ

ဘလွန်းဒီအော်ဆုကို စတင်ပေးအပ်တဲ့ ၁၉၅၆ ခုနှစ်မှာ ပထမဆုံးရရှိခဲ့သူကတော့ ဘလက်ပူးလ်အသင်းရဲ့ကစားသမား ဆာစတန်လေမက်သယူး ဖြစ်ပါတယ်။ ဆာစတန်လေမက်သယူးဟာ ရီးရဲအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒီစတီဖာနိုနဲ့ ရေမွန်ကိုပါတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

play

 

ဘလွန်းဒီအော်ဆုကို အများဆုံး ရရှိထားသူ

လက်ရှိအချိန်အထိတော့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီက ၅ ကြိမ်အထိ ရယူထားပြီး ဘလွန်းဒီအော်ဆုကို အများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ မက်ဆီဟာ ၂၀၀၉ ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ ၅ ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာကတော့ ၂၀၁၅ ခုနှစ်မှာဖြစ်ပါတယ်။

play

 

ရှားရှားပါးပါး ဘလွန်းဒီအော်ဆုကို ရရှိဖူးတဲ့ ဂိုးသမား

ရုရှားကလပ်အသင်းဖြစ်တဲ့ ဒိုင်နမိုမော်စကိုအသင်းရဲ့ ဂိုးသမားဖြစ်တဲ့ လက်ဗ်ရာရှင်က ၁၉၆၃ ခုနှစ်မှာ အေစီမီလန်ကစားသမား ရီဗီယာ၊ တော့တင်ဟမ်ဟော့စပါးအသင်းကစားသမား ဂျင်မီဂရေ့ဗ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။ လက်ဗ်ရာရှင်ဟာ ဂိုးသမားတွေထဲမှာ ဘလွန်းဒီအော်ဆုကို ပထမဆုံးရရှိဖူးတဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို ဘလွန်းဒီအော်ဆုကို ပထမဆုံးရရှိဖူးတဲ့ ရုရှားကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

ဒီနှစ်အတွက် ဘယ်သူလို့ထင်လဲ

အများသိကြတဲ့အတိုင်း စကာတင်စာရင်းတွေမှာ ကစားသမား ဆယ်ဂဏန်းပါဝင်နေပေမယ့် တကယ်တမ်း ရေပန်းစားနေတဲ့ကစားသမားကတော့ ၃ ဦးသာရှိပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒို၊ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာတို့ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ ၂၀၁၇ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို ခရစ်စတီယာနိုရော်နယ်ဒိုက ၅ ကြိမ်မြောက်အဖြစ် ရရှိသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ