AD
AD
AD

ကစားသမားဘ၀မှ အနားယူပြီလို့ ကြေငြာပြီးမှ ပြန်လည်ကစားပေးခဲ့တဲ့ဟာ ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ ရှိနေခဲ့တာပါ။ အနီးစပ်ဆုံးအနေနဲ့ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းမှ အင်္ဂလန်ကွင်းလယ်လူ ပေါလ်စခိုးဟာ ကလပ်အသင်းမှ အနားယူခဲ့ပြီး နောက်မှာမှ နည်းပြဆာအဲလက်စ်ဖာဂူဆန်ရဲ့ တောင်းဆိုမှုကြောင့် အသင်းအတွက် ပြန်လည် ကစားပေးခဲ့ဖူးပါတယ်။ အခုဖော်ပြပေးမှာကတော့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀မှ အနားယူအပြီးမှာ ပြန်လည် ကစားပေးခဲ့တဲ့ ကစားသမား (၅)ဦးဖြစ်ပါတယ်။

 

ဂီယန်လူဂီဘူဖွန် (အီတလီ)

play

 

အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာတော့ ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ခြေစစ်ပွဲမှာ အရေးနိမ့်အပြီး အသင်းရဲ့ ၀ါရင့်ဂိုးသမားကြီး ဘူဖွန်ဟာလည်း နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို ကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင်တော့ ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဖီအိုရင်တီးနားအသင်းခေါင်းဆောင် ဒေးဗစ်အက်စတိုရီ ကွယ်လွန်ခဲ့မှုဟာ သူ့ကို အီတလီအသင်းအတွက် ပြန်လည် ကစားပေးဖို့ အကြောင်းရင်းဖြစ်တယ်လို့ ဘူဖွန်က ပြောခဲ့ပါတယ်။ " အီတလီအသင်းမှာ ပြန်လည်ပါဝင်လာရတဲ့အကြောင်းရင်းက သူ့ကြောင့်ပါပဲ၊ အက်စတိုရီ ကွယ်လွန်ခဲ့တဲ့အချိန်မှာ ခံစားခဲ့ရမှုကို ပြန်လည်တုံ့ပြန်ဖို့နဲ့ သူ့ကို ကိုယ်စားပြုဖို့ပါ" လို့ ဘူဖွန်က ပြောကြားခဲ့ပါတယ်။

 

ဇီနက်ဒင်ဇီဒန်း (ပြင်သစ်)

play

 

ပြင်သစ်လက်ရွေးစင်အသင်းမှနေ အနားယူပြီး ပြန်လည်ကစားပေးခဲ့တဲ့ ဇီဒန်းအကြောင်းကလည်း ဘောလုံးသမိုင်းကြောင်းမှာ ကျော်ကြားမှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့အပြီးမှာ ပြင်သစ်နည်းပြ ဒက်ချမ့်ဟာ ဇီဒန်းကို အသင်းအတွက် ပြန်လည်ကစားပေးဖို့ တောင်းဆိုခဲ့ပြီးတော့ ဇီဒန်းကလည်း ချက်ချင်းဆိုသလို သဘောတူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဇီဒန်းဟာ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပြန်လည်တာဝန်ယူခဲ့ပြီးတော့ လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ ရွှေရောင်လွှမ်းစေခဲ့တဲ့ ခေတ်မှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ဇီဒန်းဟာ အီတလီအသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ အီတလီနောက်ခံလူ မာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့တဲ့ဖြစ်ရပ်ကြောင့်လည်း နာမည်ကျော်ကြားခဲ့ပါသေးတယ်။

 

ရော်ဂျာမီလာ (ကင်မရွန်း)

play

 

အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကင်မရွန်းအသင်း ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကလည်း သမိုင်းထဲက အမှတ်တရအဖြစ် ကြွင်းကျန်ရစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကင်မရွန်းအသင်းဟာ အာဖရိကတိုက်မှ အသင်းတစ်သင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို ပထမဦးဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး အင်္ဂလန်အသင်းနဲ့အတွေ့မှာ အချိန်ပိုသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ ကင်မရွန်းရဲ့နိုင်ပွဲဟာ အခုထက်ထိ အမှတ်ရစရာအဖြစ် ထင်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ ပြိုင်ပွဲမှာတော့ လက်ရွေးစင်အသင်းက အနားယူခဲ့တဲ့ ကင်မရွန်းဂန္ထ၀င်ကစားသမားကြီး ရော်ဂျာမီလာ ပြန်လည်ပါဝင်လာခဲ့ပြီးတော့ လေးဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ကင်မရွန်းအတွက် ကစားပေးဖို့ မီလာကို ကင်မရွန်းသမ္မတ ပေါလ်ဘီယာကိုယ်တိုင်က တောင်းဆိုခဲ့တာ ဖြစ်ပြီးတော့ မီလာကလည်း ပါဝင်ကစားပေးခဲ့ပါတယ်။

 

ဟင်းနရစ်လာဆင် (ဆွီဒင်)

play

 

ဆဲလ်တစ်အသင်းမှာ ကာလရှည်ကစားခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ဟင်းနရစ်လာဆင်ဟာ ဆွီဒင်အသင်းအတွက်တော့ မရှိမဖြစ် တိုက်စစ်မှူးတစ်ဦးပါ။ ယူရို ၂၀၀၄ ပြိုင်ပွဲအပြီးမှာ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပြီးတော့ အဲဒီပြိုင်ပွဲမှာ  လာဆင်ဟာ (၃) ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ နယ်သာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်အပြီးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာဆင်ဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့ပြီးတော့ အင်္ဂလန်အသင်းနဲ့ အုပ်စုအဆင့်ပွဲမှာ နောက်ကျချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်ဆင့်မှာတော့ ဂျာမနီအသင်းကို အရေးနိမ့်ပြီး ဆွီဒင်လည်း ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဲဒီနောက်တော့ လာဆင်ဟာ ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ထပ်မံပါဝင်ခဲ့ပြီးတော့ ၂၀၀၉ ခုနှစ်မှာ နောက်တစ်ကြိမ် အနားယူခဲ့တာဖြစ်ပါတယ်။ လာဆင်ဟာ ဆွီဒင်အသင်းအတွက် စုစုပေါင်း ၁၀၆ ပွဲအထိ ကစားပေးခဲ့ပါတယ်။

 

လီယွန်နယ်မက်ဆီ (အာဂျင်တီးနား)

play

 

အာဂျင်တီးနားလက်ရွေးစင်အသင်းမှ မက်ဆီ အနားယူတော့မယ်လို့ပြောကြားခဲ့တဲ့ အခိုက်အတန့်ဟာ  ကမ္ဘာ့ဘောလုံးလောက အတွက်တော့ မင်သက်စေခဲ့တာပါပဲ။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချီလီအသင်းကို အရေးနိမ့်အပြီးမှာ မက်ဆီက ကြေငြာခဲ့တာဖြစ်ပြီးတော့ အဲဒီပွဲမှာဆိုရင်လည်း မက်ဆီဟာ ပယ်နယ်တီလွဲချော်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းသားဘ၀ဟာ ပြီးဆုံးပြီလို့ မက်ဆီက ကြေငြာခဲ့တာပါ။ ဒါပေမယ့်လည်း မက်ဆီကို လက်ရွေးစင်အသင်း အတွက် ကစားပေးဖို့ အာဂျင်တီးနားသမ္မတ မော်ရီစီယိုမာစရီက တောင်းဆိုခဲ့ပြီးတော့ အာဂျင်တီးနားအတွက် မရှိမဖြစ် ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ မက်ဆီအနေနဲ့လည်း သူအနားယူပြီလို့ ကြေငြာပြီး နှစ်လအကြာမှာပဲ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီးတော့ အာဂျင်တီးနားအတွက် ပြန်လည် ကစားပေးခဲ့ပါတယ်။ အခုဆိုရင် မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၁၈ ရုရှကမ္ဘာ့ဖလားပွဲကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD