EURO 2016: ယူရို ၂၀၁၆ ဘောလုံးပွဲစဉ် ယှဉ်ပြိုင်ကစားမယ့် ကစားကွင်းများ မိတ်ဆက်

, updated

ယူရိုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်နိုင်ငံမှ အားကစားကွင်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၀ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ယူရို ၂၀၁၆ ဘောလုံးပွဲစဉ်တွေကို ပြင်သစ်နိုင်ငံတစ်ဝန်းရှိ အားကစားကွင်း ၁၀ ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ယူရိုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်နိုင်ငံမှ အားကစားကွင်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

Stade de Bordeaux

play


ဘော်ဒိုးမြို့မှာရှိတဲ့ ပွဲကြည့်ပရိသတ် ၄၂,၀၀၀ ဝင်ဆန့်တဲ့ အားကစားကွင်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တည်ဆောက်မှုကုန်ကျစရိတ် ပေါင်စတာလင် ၁၄၆.၅ သန်း ကုန်ကျခဲ့ပါတယ်။ ယူရို ၂၀၁၆ အုပ်စုပွဲစဉ် ၄ ပွဲနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ကစားသွားမှာပါ ဖြစ်ပါတယ်။

Stade Bollaert-Delelis

play


၁၉၃၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ လန်းစ်မြို့ရှိ အားကစားကွင်း ဖြစ်ပါတယ်။ မွမ်းမံပြင်ဆင်မှုတွေကို ယမန်နှစ် သြဂုတ်လအတွင်းက အပြီးသတ်ခဲ့ပါတယ်။ ပြင်သစ်လိဂ် ဒုတိယတန်းမှ လန်းစ်အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်ပြီး ပရိသတ် ၃၅,၀၀၀ ဝင်ဆန့်ပါတယ်။ အင်္ဂလန်နဲ့ ဝေလ ပွဲစဉ် အပါအဝင် အုပ်စုပွဲစဉ် ၄ ပွဲ ကို အဆိုပါကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

Stade Pierre Mauroy

play

 

ဘောလုံးပွဲ ပရိသတ် ၅၀,၀၀၀ လက်ခံနိုင်တဲ့ လိုင်လီမြို့ရှိ အားကစားကွင်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဂျာမနီနဲ့ယူကရိန်း၊ ပြင်သစ်နဲ့ဆွစ်ဇာလန်၊ အီတလီနဲ့အိုင်ယာလန် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Stade de Lyon

play


လိုင်ယွန်မြို့မှာ တည်ရှိပြီး ပရိသတ် ၅၉,၀၀၀ ဝင်ဆန့်တဲ့ အားကစားကွင်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဖွင့်လှစ်ခဲ့ပြီး ယူရို ၂၀၁၆ ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲကို Stade de Lyon ကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။ အုပ်စုပွဲစဉ်တွေဖြစ်တဲ့ မြေက်အိုင်ယာလန်နဲ့ယူကရိန်း၊ ဘယ်လ်ဂျီယံနဲ့အီတလီ ပွဲစဉ်တွေကိုလည်း အဆိုပါကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Stade Velodrome

play


မာဆေးလ်မြို့ရှိ အားကစားကွင်းဖြစ်ပြီး ပရိသတ် ၆၇,၀၀၀ ဝင်ဆန့်ကာ ပြင်သစ်မှာ ဒုတိယ ပရိသတ်အများဆုံး ဝင်ဆန့်တဲ့ကွင်း ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ယူရို ၂၀၁၆ မတိုင်မီ မွမ်းမံပြင်ဆင်မှုတွေကို ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ အပြီးသတ် ပြုလုပ်ခဲ့ပါတယ်။  Stade Velodrome အားကစားကွင်းမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ် နှစ်ပွဲနဲ့ ဥရောပဖလား ဗိုလ်လုပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။

Stade de Nice

play


ပြင်သစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်မှု အများဆုံး မြို့တစ်မြို့ဖြစ်တဲ့ နိုက်စ်မှာ တည်ရှိပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပရိသတ် ၃၅,၀၀၀ ဝင်ဆန့်ပြီး Solar Panel ၄,၀၀၀ တပ်ဆင်ထားတဲ့ နေရောင်ခြည် စွင်းအင်သုံး အားကစားကွင်း ဖြစ်ပါတယ်။ လက်ရှိ ဥရောပချန်ပီယံ စပိန်နဲ့တူရကီ၊ မြောက်အိုင်ယာလန်နဲ့ပိုလန် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမှာပါ။

Parc des Princes

play


ပါရီမြို့မှာ တည်ရှိပြီး ပြင်သစ်ထိပ်သီး ဘောလုံးအသင်း ပီအက်စ်ဂျီရဲ့ အိမ်ကွင်းအဖြစ် ၁၉၇၃ ခုနှစ်ကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ ယခင်က ပရိသတ် ၂၀,၀၀၀ သာ ဝင်ဆန့်တဲ့ အားကစားကွင်း ဖြစ်ခဲ့ပြီး လက်ရှိမှာ ပရိသတ် ၄၅,၀၀၀ ဝင်ဆန့်နိုင်အောင် အဆင့်မြှင့်တင်ထားပါတယ်။

Stade de France

play


စိန့်ဒင်းနစ်မှာ တည်ရှိပြီး ပရိသတ် ၈၀,၀၀၀ အထိ ဝင်ဆန့်ကာ ပြင်သစ်မှာ ပရိသတ်ဝင်ဆန့်မှု အများဆုံး အားကစားကွင်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ လက်ခံကျင်းပရန် တည်ဆောက်ခဲ့တာဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းအဖြစ်လည်း သတ်မှတ်အသုံးပြုပါတယ်။

ပါရီမြို့လယ်မှ မြောက်ဘက် ၆ မိုင်အကွာမှာ တည်ရှိပြီး ယူရို ၂၀၁၆ ဘောလုံးပွဲစဉ် ၇ ပွဲ ယှဉ်ပြိုင်ကစားမှာပါ။ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနဲ့ နောက်ဆုံး ဗိုလ်လုပွဲစဉ်တွေကို Stade de France ကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ယမန်နှစ် နိုဝင်ဘာအတွင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကွင်းလုံခြုံရေးကို အထူးမြှင့်တင်ထားပါတယ်။

Stade Geoffroy Guichard

play


စိန့်အက်တီယန်နီမြို့ရှိ ပရိသတ် ၄၂,၀၀၀ ဝင်ဆန့်တဲ့ အားကစားကွင်း ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ဆလိုဗက်ကီးယား ပွဲစဉ်အပါအဝင် အုပ်စုပွဲစဉ် ၄ ပွဲနဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ကစားမှာပါ။

Stadium de Toulouse

play


ပရိသတ် ၃၃,၀၀၀ ဝင်ဆန့်ပြီး ယူရို ၂၀၁၆ ပွဲစဉ်များ ယှဉ်ပြိုင်ကစားမယ့် အားကစားကွင်းတွေအနက် အသေးဆုံး ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ယူရို ၂၀၁၆ ပွဲစဉ်များအနက် ဝေလနဲ့ရုရှား၊ စပိန်နဲ့ချက်ရီပတ်ဘလစ်၊ အီတလီနဲ့ဆွီဒင် ပွဲစဉ်တွေ အပါအဝင် စုစုပေါင်း အုပ်စုပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Source & Photo: UEFA, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ