AD
AD
AD
play

ယနေ့လက်ရှိ ဘောလုံးလောကကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ပါရမီရှင်ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သူတွေ မဟုတ်ကြတော့တာ ပကတိအမှန်တရားဖြစ်ပါတယ်။ မက်ဆီနဲ့စာရင် ရော်နယ်ဒိုဟာ အသက်အရွယ်အားဖြင့် ၂ နှစ်ပိုပြီးကြီးတဲ့အတွက် ရော်နယ်ဒိုအတွက် ဘောလုံးကို ထိပ်တန်းအဆင့်မှာ ကစားနိုင်ဖို့အတွက် အချိန်ကာလနည်းပါးနေပြီလို့ ယူဆရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ နောက်ထပ် ငါးနှစ်အထိ ခြေစွမ်းမကျဆင်းဘဲ သက်လုံကောင်းကောင်းနဲ့ ဆော့ကစားနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ဖြစ်မှာပါ။

play

 

ဒီနေရာမှာ မေးခွန်းတစ်ခုရှိလာတာကတော့ မက်ဆီနဲ့ရော်နယ်ဒိုလွှမ်းမိုးထားတဲ့ ဘောလုံးလောကရဲ့အချိန်အပိုင်းအခြားတစ်ခုကို ကျော်လွန်သွားတဲ့အချိန်မှာ ဘယ်သူတွေက ဘောလုံးလောကကို လွှမ်းမိုးချုပ်ကိုင်နိုင်မလဲဆိုတာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီနဲ့ ရော်နယ်ဒိုခေတ်လွန် ဘောလုံးလောကမှာ ထိပ်တန်းအဆင့်ကို ရောက်လာနိုင်တဲ့ ကစားသမား ၅ ဦးအကြောင်းကို ပြောပြချင်ပါတယ်။

 

၁။ ကိုင်လီယန်ဘတ်ပီ (ပီအက်စ်ဂျီ)

play

 

အသက်အရွယ်အားဖြင့် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ပီအက်စ်ဂျီအသင်းရဲ့လူငယ်တိုက်စစ်မှူးလေး ဘတ်ပီဟာ မက်ဆီနဲ့ရော်နယ်ဒိုတို့ ငယ်စဉ်ကအတိုင်း ခြေရာတစ်ထပ်တည်း လိုက်နင်းနိုင်တယ်လို့ ယူဆနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ယခုနွေရာသီမှာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၄၅ သန်းနဲ့ပြောင်းရွှေ့လာတဲ့ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့မယ်ဆိုရင် အပိုဆုကြေးငွေအနေနဲ့ နောက်ထပ် ယူရို ၃၅ သန်း ထပ်မံပေးချေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်ပီအနေနဲ့ ဘလွန်းဒီအော်ဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအသင်းဟာ မိုနာကိုအသင်းကို နောက်ထပ် ယူရို သန်း ၂၀ ကို ပေးချေရမယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံရမှာဖြစ်ပြီး ဘတ်ပီအနေနဲ့ ရော်နယ်ဒိုခေတ်လွန်မှာ အကောင်းဆုံးကစားသမားဖြစ်လာမလားဆိုတာ သက်သေပြသဖို့ ရှိနေတာဖြစ်ပါတယ်။

 

၂။ မာကိုအဆန်စီယို (ရီးရဲမက်ဒရစ်)

play

 

မာကိုအဆန်စီယိုဟာ ရီးရဲမက်ဒရစ်အသင်းထက် ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အဆန်စီယိုကို ရီးရဲမက်ဒရစ်အသင်းထံ ရောက်ရှိဖို့ ကြားဝင်ကူညီပေးခဲ့သူကတော့ ဂရန်းစလန်း ၁၆ ကြိမ် ရယူထားနိုင်ခဲ့တဲ့ တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ဟာ လူငယ်ဘဝမှာ နာတာရှည်ဒူးဒဏ်ရာဝေဒနာခံစားခဲ့ရပြီး မာယော့ကာအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမားလေး အဆန်စီယိုကို ခေါ်ယူနိုင်ဖို့အတွက် ရာဖေးလ်နာဒယ်ကို အကူအညီတောင်းခံခဲ့ပါတယ်။ ရာဖေးလ်နာဒယ်ဟာ သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ မာယော့ကာအသင်းမှာ ရှိနေတဲ့ အဆန်စီယိုကို ရီးရဲမက်ဒရစ်အသင်းမှာ သွားရောက်ကစားဖို့ ဖျောင်းဖျခဲ့ပါတယ်။ "သူ့ရဲ့ပြီးပြည့်စုံတဲ့ ဆွဲဆောင်နိုင်မှုကြောင့် ကျွန်တော်တို့ အလျင်အမြန်နဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်"လို့ ပြီးခဲ့တဲ့နှစ်က အင်တာဗျူးမှာ ပီးရက်ဇ်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ အဆန်စီယိုဟာ ၂၀၁၄ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက အဆန်စီယိုကို မာယော့ကာအသင်းထံ တစ်ရာသီ အငှားပြန်ချပေးခဲ့ပါတယ်။ ၂၀၁၅ ဘောလုံးရာသီမှာ အက်စပန်ညိုအသင်းထံ အငှားချခဲ့ပြီး ၂၀၁၆ ဘောလုံးရာသီမှာတော့ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုဟာ နည်းပြဇီဒန်းရဲ့ကစားကွက်မှာ အလျင်အမြန်အသားကျခဲ့ပြီး ပထမဆုံး ရီးရဲမက်ဒရစ်အသင်းမှာ အပြည့်အဝပါဝင်ကစားခွင့်ရတဲ့ ၂၀၁၆ ဘောလုံးရာသီမှာ မှော်တုတ်တံနဲ့အလားသဏ္ဌာန်တူတဲ့ ဘယ်ခြေနဲ့ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

 

၃။ အူ့စ်မန်းဒမ်ဘီလီ (ဘာစီလိုနာ)

play

 

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဒေါ့မွန်အသင်းကို မရောက်ရှိမီ ရန်းနက်စ်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၆ ဘောလုံးရာသီတစ်ရာသီသာ ဒေါ့မွန်အသင်းမှာ ကစားခဲ့ရပြီး ၃၂ ပွဲကစားပြီး ၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းက အက်စ်ပန်ညိုအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း ၆၈ မိနစ်မှာ ဒူလိုဖူရဲ့နေရာမှာ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ၅ ဂိုးမြောက်သွင်းဂိုးကို လူးဝစ်ဆွာရက်ဇ်သွင်းယူနိုင်ဖို့အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယင်းပွဲစဉ်ပြီးနောက် ဂီတာဖေးအသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ၄ လအနားယူခဲ့ရပါတယ်။ ဇန်နဝါရီလမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး ရီးရဲဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးရင်း နောက်ထပ် တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဒမ်ဘီလီဟာ နေမာကြောင့်လစ်ဟာသွားတဲ့ နေရာမှာ ဖြည့်တင်းပေးနိုင်မလားဆိုတာ အချိန်ယူ စောင့်ကြည့်ရဖွယ်ရှိနေပြီး ဒမ်ဘီလီအတွက် ပေးခဲ့ရတဲ့ပြောင်းရွှေ့ကြးနဲ့ ထိုက်တန်မှုရှိ၊ မရှိဆိုတာကို လောလောဆယ်မှာ အကဲမဖြတ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒမ်ဘီလီမှာ ပေးလိုက်တဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်၊ ပြိုင်ဘက်အသင်းကို ခြေနှစ်ဖက်စလုံးနဲ့ ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ဖို့ အဓိက အချက် ၂ ချက် ရှိနေပါတယ်။ ပထမအချက်အနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ပြီး ၃ နှစ်အကြာမှာ ဘာစီလိုနာလို ထိပ်တန်းအသင်းကြီးကို ရောက်ရှိလာနိုင်တာဟာ သာမန်ပါရမီမျိုးနဲ့ မဖြစ်နိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒမ်ဘီလီဟာ ဘောလုံးမှော်အောင်ထားတဲ့ လီယွန်နယ်မက်ဆီလို ကစားသမားမျိုးနဲ့ နောက်ထပ် နှစ်အနည်းငယ်အထိ တွဲဖက်ကစားခွင့် ရရှိမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ မက်ဆီနဲ့ တွဲကစားခွင့်ရရှိခဲ့တဲ့ နေမာဟာ အချိန်တိုအတွင်း ခြေစွမ်းပိုင်းများစွာတိုးတက်ကောင်းမွန်ခဲ့ပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားဖြစ်လာခဲ့တယ်ဆိုတဲ့အချက်ကလည်း အငြင်းပွားစရာဟုတ်မယ် မထင်ပါဘူး။

 

၎။ ဂျေဒင်ဆန်ချို (ဒေါ့မွန်)

play

 

ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားတဲ့ ဒမ်ဘီလီရဲ့ကျောနံပါတ် ၇ ကို ဆက်ခံဝတ်ဆင်နိုင်တဲ့ အသက် ၁၇ နှစ်အရွယ်ကစားသမားလေး ဂျေဒင်ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပြီး အနာဂတ်မှာ တောက်ပတဲ့ကြယ်ပွင့်ဖြစ်လာမယ်လို့ တစ်ပေးခြင်း ခံနေရသူဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ယူ-၁၇ အသင်းနဲ့အတူ ခြေစွမ်းပြပြီး အုပ်စုအဆင့်မှာ ၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရတဲ့အတွက် အင်္ဂလန်ယူ-၁၇ အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်မရရှိခဲ့ပါဘူး။ ဂျေဒင်ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ၅ ပွဲပါဝင်ကစားပေးထားပြီး ပြီးခဲ့တဲ့လက ဟာသာဘာလင်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်ကစားသမားဘဝ ပထမဆုံးဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့နေရာကို ဆက်ခံဖို့အတွက် ဂျေဒင်ဆန်ချိုမှာ မန်ယူအသင်းရဲ့အသက် ၂၀ အရွယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ ဖူလ်ဟမ်အသင်းက ရိုင်ယန်ဆီစက်ဂနွန်၊ ဆန်ချိုရဲ့မန်စီးတီးအသင်းဖော်ဟောင်း ဖီးလ်ဖိုဒန်တို့က ပြိုင်ဘက်အဖြစ် ရှိနေတာဖြစ်ပါတယ်။

 

၅။ ဂက်ဘရီရယ်ဂျီးဆပ် (မန်ချက်စတာစီးတီး)

play

 

နေမာဟာ ဘရာဇီးလက်ရွေးစင်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သက်တောင့်သက်သာနဲ့ ဦးဆောင်ပြီး အရောက်ပို့ဆောင်ပေးနိုင်ခဲ့တာဟာ ၁၀ ပွဲကစားပြီး ၇ ဂိုးအထိ သွင်းယူခဲ့တဲ့ အသက် ၂၀ အရွယ်လူငယ်ကစားသမားလေး ဂက်ဘရီဂျီးဆပ်ရဲ့အစွမ်းအစတွေလည်း ပါဝင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ပါးမီးရပ်စ်အသင်းကနေ ၂၀၁၇ ခုနှစ် နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဂက်ဘရီရယ်ဂျီးဆပ်ဟာ အသင်းနဲ့အတူ အချိန်တိုအတွင်းမှာ အံဝင်ခွင်ကျဖြစ်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် အနားမယူရမီ ၈ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဂက်ဘရီရယ်ဂျီးဆပ် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဆန်းချက်ဇ်နဲ့ မာရက်ဇ်ကို ခေါ်ယူဖို့ကြိုးစားခဲ့တာကို ကြည့်ခြင်းအားဖြင့် ဂက်ဘရီရယ်ဂျီးဆပ်ရဲ့မြင့်မားတဲ့ စွမ်းဆောင်ရည်ကို မန်ချက်စတာစီးတီးအသင်းက သတိပြုမိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဂက်ဘရီရယ်ဂျီးဆပ်ဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ဘောလုံးပလ္လင်ကိုလုပြီး နန်းတက်မယ့် လူစွမ်းကောင်းတစ်ဦးအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

Source & Photos: Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD