ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယမန်နေ့ညက နောက်ထပ်တစ်ဦးချင်းဆုတစ်ခုကို ထပ်မံရယူပြီး ဝေဖန်သူတွေကို တိတ်ဆိတ်စေခဲ့ပြီဖြစ်ပါတယ်။
ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးပေါ်တူဂီကစားသမားဆုကို စပို့တင်းအသင်းရဲ့ဂိုးသမား ရူအီပက်ထရီစီအိုနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်ကစားသမား ဘာနာဒိုဆေးလ်ဗားတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲမက်ဒရစ်အသင်းအတွက် လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့တဲ့အတွက် ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက် ရရှိထားသူလည်းဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီအစမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပေမယ့် ရာသီဝက်မှာ ပုံစံကောင်းတွေ ပြန်လည်ရရှိလာခဲ့ပြီး ဝေဖန်သူ အံ့အားသင့်လောက်တဲ့ ခြေစွမ်းနဲ့ အရေးပါတဲ့သွင်းဂိုးတွေ ပုံမှန်သွင်းယူနေသူဖြစ်ပါတယ်။
"ဒီဆုကို ရရှိခဲ့တဲ့အတွက် ဒီမှာရှိနေကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ရဲ့တွဲဖက်တွေအားလုံး ရရှိတဲ့ဆုလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ဟာ အရမ်းကို ကောင်းမွန်ခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဆုတံဆိပ်တွေအတွက်ရော၊ တစ်ဦးချင်းစီအတွက်ပါ မမေ့နိုင်စရာပါပဲ"
"ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက်နဲ့ အကောင်းဆုံးပေါ်တူဂီကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဆုတွေအားလုံးဟာ ကျွန်တော့်ရဲ့ကလေး ၄ ယောက်ကိုလည်း ရည်ညွှန်းပါတယ်။ နောက်ထပ်စံချိန်တစ်ခုအနေနဲ့ကတော့ ၃ လအတွင်း ကလေး ၃ ယောက်ရဖို့ပါပဲ"
"ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့က ဘာလဲဆိုတာအတွက် အမြဲတမ်း ခုခံကာကွယ်နေရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲထဲမှာ ပေါ်တူဂီလူမျိုးတွေ အမြဲတမ်းရှိနေလို့ပါ"
"ကျွန်တော်အမြဲတမ်းယုံကြည်ပြီး ပြောနိုင်တာတစ်ခုရှိပါတယ်။ အဲဒါက ကျွန်တော်က အကောင်းဆုံးပါပဲ။ သူတို့တွေ ဘယ်လိုပဲ ပြောပြော ကျွန်တော်ကတော့ ကွင်းထဲမှာပဲ သက်သေပြပါမယ်။ ကျွန်တော်တို့ တစ်နှစ်ပြီးတစ်နှစ် ဆက်လက်တိုက်ပွဲဝင်သွားရဦးမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ခရစ်စတီယာနိုရော်နယ်ဒိုဟာ အကောင်းဆုံးပေါ်တူဂီကစားသမားဆုကို ၉ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
Source & Photos: Sportskeeda