AD
AD
AD

ယနေ့နံနက်မှာ ဥရောပတလွှားက နောက်ဆုံးရရှိထားတဲ့ ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီးအတွက် စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

play

 

- ချယ်ဆီးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် လီဝန်ဒေါစကီးကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ Daily Express က ရေးသားထားပါတယ်။ ယမန်နေ့က လီဝန်ဒေါစကီးရဲ့အေးဂျင့် ဇာဟာဗီက လီဝန်ဒေါစကီးအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေ ရှာဖွေလိုနေကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက် ချယ်ဆီးအသင်းက လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

play

 

- ပီအက်စ်ဂျီအသင်းရဲ့နည်းပြသစ် သောမတ်တူချယ်ဟာ ဘာစီလိုနာအသင်းရဲ့လူငယ်တိုက်စစ်မှူး အူ့စ်မန်းဒမ်ဘီလီနဲ့ ပြန်လည်လက်တွဲလိုနေကြောင်း Mundo Deportivo က ရေးသားထားပါတယ်။ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့နွေရာသီကမှ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့သွားခဲ့တဲ့ အူ့စ်မန်းဒမ်ဘီလီကို ဆရာဟောင်းဖြစ်သူ တူချယ်က အလိုရှိနေတာဖြစ်ပြီး ဒမ်ဘီလီမှာ ကြီးမားတဲ့ပါရမီရှိနေတယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်။

play

 

- ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ဂိုးသမား ကော်တိုရစ်ကို ယခုနှစ်နွေရာသီမှာ လီဗာပူးအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့က အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Gianluca Di Marzio က ရေးသားထားပါတယ်။ လီဗာပူးအသင်းဟာ အသင်းရဲ့ပွဲထွက်ဂိုးသမား ကားရီးယပ်စ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားရှာဖွေနေတာဖြစ်ပြီး ကော်တိုရစ်ဟာ ချယ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတဲ့ ဂိုးသမားဖြစ်တာကြောင့် လီဗာပူးအသင်းအတွက် ပစ်မှတ်တစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

play

 

- အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ဆယ်ကျော်သက်လူငယ်ကစားသမား ရက်ဆင်းအက်ဒ်လီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ L'Equipe က အတည်ပြုခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမားလေး အက်ဒ်လီကို ဥရောပထိပ်သီးအသင်းကြီးတွေက စောင့်ကြည့်နေပြီး အာဆင်နယ်အသင်းရဲ့အစဉ်အလာကြီးမားတဲ့ လူငယ်စီမံကိန်းကြောင့် အက်ဒ်လီအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတာဖြစ်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ဝက်စ်ဟမ်းအသင်းရဲ့တိုက်စစ်မှူး မာကိုအာနာတိုဗစ်ကို ခေါ်ယူဖို့အတွက် ယမန်နေ့ညက ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရုရှားနဲ့ သြစတြီးယားအသင်းတို့ရဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အာနာတိုဗစ်ဟာ သြစတြီးယားအသင်းရဲ့အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ကစားသမားဖြစ်ပြီး မန်ယူအသင်းရဲ့တိုက်စစ်မှာ လူကာကူအတွက် အထောက်အပံ့ကောင်းဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD