AD
AD
AD

နိုင်ငံတကာပွဲစဉ်တွေကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားထားခဲ့တာ ၂ ပတ်ရှိခဲ့ပြီဖြစ်ပြီး ယခုအပတ်မှာတော့ ပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီနှောင်းပိုင်းကို ရောက်ရှိနေပြီလို့ ဆိုနိုင်ပြီး ရာသီမကုန်ဆုံးမီမှာ မကြည့်လိုက်မိလို့ နောင်တရသွားနိုင်လောက်တဲ့ပွဲစဉ် ၉ ပွဲအကြောင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။

 

ချယ်ဆီး Vs တော့တင်ဟမ်ဟော့စပါး(ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ)

play

 

နိုင်ငံတကာအားလပ်ရက်တွေအပြီး ယခုလာမယ့်စနေ၊ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ ထိပ်ဆုံးလေးသင်းတိုက်ပွဲအတွက် စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမယ့်ပွဲစဉ်ဆိုရင်လည်း မမှားပါဘူး။ ယင်းပွဲစဉ်မှာ အဆင့် ၅ နေရာက ချယ်ဆီးအသင်းအနေနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာဖြစ်ပြီး ထိပ်ဆုံးလေးသင်းအတွက် မျှော်လင့်ချက် ၈၀ ရာခိုင်နှုန်းသေချာသွားမှာဖြစ်ပါတယ်။

 

လီဗာပူး Vs မန်ချက်စတာစီးတီး(ဧပြီလ ၄ ရက်၊ ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်)

play

 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဉ်ကို လက်မလွတ်တမ်းကြည့်ရှုသင့်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို ချန်ပီယံလိဂ်သမ္ဘာရင့်တဲ့ လီဗာပူးအသင်းအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ အန်းဖီးကွင်းမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက မန်ချက်စတာစီးတီးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူထားတာကြောင့် ကွာတားဖိုင်နယ်ပထမအကျော့အိမ်ကွင်းအန်းဖီးမှာ လီဗာပူးအသင်းအနေနဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမလား၊ မန်စီးတီးအသင်းက နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်က ရှုံးကြွေးကို ပြန်ဆပ်မလားဆိုတာကတော့...

 

မန်ချက်စတာစီးတီး Vs မန်ချက်စတာယူနိုက်တက်(ဧပြီလ ၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်)

play

 

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ရဲ့အစဉ်အလာအတိုင်း နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားမှာအသေအချာပါပဲ။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိုးထရက်ဖို့ဒ်ကွင်းတုန်းက မန်ချက်စတာဒါဘီမှာတော့ ဧည့်သည် မန်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူထားပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ မန်ယူအသင်းကို အနိုင်ရရှိတာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်ဆိုတဲ့အချက်က ၂၀၁၇-၂၀၁၈ ရာသီကို ပြီးပြည့်စုံစွာ ပိတ်သိမ်းနိုင်ခဲ့တယ်ဆိုတဲ့ သဘောဖြစ်တာကြောင့် မန်ယူအသင်းကို အနိုင်မရရအောင် ကစားသွားဖို့ များနေပါတယ်။

 

မန်ချက်စတာယူနိုက်တက် Vs တော့တင်ဟမ်ဟော့စပါး(အက်ဖ်အေဖလားအကြိုဗိုလ်လုပွဲ ည ၁၀ နာရီ ၄၅ မိနစ်)

play

 

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ယခုရာသီမှာ အသေချာဆုံးနဲ့ နောက်ဆုံးမျှော်လင့်နိုင်တဲ့ ဆုဖလားဖြစ်ပါတယ်။ ယင်းဆုဖလားကို ရခြင်း၊ မရခြင်းဟာ ယခုရာသီဟာ ကောင်းတဲ့ရာသီလား၊ ဆိုးတဲ့ရာသီလားဆိုတာကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ ဆုဖလားကို ရယူဖို့အတွက် အခွင့်အရေးနောက်ထပ်တစ်ကြိမ် ဆုံးရှုံးခဲ့မယ်ဆိုရင် စပါးအသင်းအနေနဲ့ ဟယ်ရီကိန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ ဆုဖလားတွေကို ရယူပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဘာကြောင့် နည်းပြရာထူးပေးရလဲဆိုတာကို ပြသဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက် Vs အာဆင်နယ်(ဧပြီလ ၂၉ ည ၁၀ နာရီ)

play

 

အစဉ်အလာပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ဟာလည်း နှစ်ဖက်အသင်းပရိသတ်တွေ မလွတ်တမ်းစောင့်မျှော်ကြည့်ရှုရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်အနေနဲ့ အသင်းဟောင်းနဲ့ ပထမဆုံးပြန်လည်တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့နောက်ဆုံးနေ့(မေလ ၁၃ ရက်)

play

 

မေလ ၁၃ ရက်နေ့မှာ ထိပ်ဆုံးလေးသင်းထဲက ဘယ်အသင်းက ဆုဖလားကို ရရှိမယ်ဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်း ရရှိသွားဖို့ ကျိန်းသေနေပြီး တန်းဆင်းဇုန်မှာတော့ အမှတ်တွေကွာဟမှု နည်းပါးတဲ့အတွက် တန်းမဆင်းရရေးအတွက် တိုက်ပွဲတွေ ပြင်းထန်နေဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တန်းဆင်းဇုန်ထဲမှာ ဆောက်သမ်တန်၊ စတုတ်စီးတီးနဲ့ ဝက်စ်ဘရွန်းအသင်းတို့ ကျရောက်နေပြီး တန်းဆင်းဇုန်အပေါ် အဆင့် ၁၂ မှာရှိနေတဲ့ ဘရိုက်တန်အသင်းနဲ့ တန်းဆင်းဇုန်ထဲက အသင်းတွေရဲ့ရမှတ်ကွာဟမှုဟာ ၆ မှတ်သာရှိတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုထက် တန်းဆင်းဇုန်က ပိုမိုရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေမှာဖြစ်ပါတယ်။

 

ယူရိုပါလိဂ်ဗိုလ်လုပွဲ(မေလ ၁၆ ရက်)

play

 

တကယ်လို့ အာဆင်နယ်အသင်းသာ ယူရိုပါလိဂ်ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် နည်းပြအာစင်ဝင်းဂါးအတွက် အာဆင်နယ်အသင်းကို ကိုင်တွယ်တဲ့နောက်ဆုံးပွဲစဉ်ဖြစ်သွားနိုင်မယ့်ပွဲစဉ်လည်း ဖြစ်သွားနိုင်ပါတယ်။ အာဆင်နယ်အသင်းကို ဆက်လက်နည်းပြခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်မနေ လိုအပ်နေတာဖြစ်ပါတယ်။

 

အက်ဖ်အေဖလားဗိုလ်လုပွဲ(မေလ ၁၉ ရက်)

play

 

ဆီမီးဖိုင်နယ်မှာ မန်ယူနဲ့စပါး၊ ချယ်ဆီးနဲ့ ဆောက်သမ်တန်တို့ တွေ့ဆုံနေပြီး အင်္ဂလန်ပြည်တွင်းဖလားတစ်လုံးကို ရယူဖို့အတွက် လက်တကမ်းကို ရောက်နေပြီဖြစ်တာကြောင့် ဘယ်အသင်းကမှ အလျှော့ပေးမှာမဟုတ်ပါဘူး။ စိတ်ဝင်စရာအကောင်းဆုံးပွဲစဉ်ကတော့ မန်ယူနဲ့ စပါးပွဲစဉ်ပါပဲ။ ယင်းပွဲစဉ်မှာ အနိုင်ရတဲ့အသင်းအနေနဲ့ အက်ဖ်အေဖလားကို တစ်ဝက်လောက်ပိုင်သွားပြီလို့တောင် ဆိုရမှာပါ။

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲ(မေလ ၂၆ ရက်)

play

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ ကမ္ဘာပေါ်က ပြိုင်ပွဲတွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ အင်္ဂလန်ပရိသတ်တွေအတွက်ကတော့ မန်ချက်စတာစီးတီးနဲ့ လီဗာပူး ၂ သင်းထဲက ဘယ်အသင်းပဲ ဆီမီးဖိုင်နယ်ရောက်ရောက် ပျော်ရွှင်ရမှာဖြစ်ပြီး ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ထဲက ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်တဲ့အသင်းကို အင်္ဂလန်အသင်းတွေ ကျော်ဖြတ်ဖို့ ခဲယဉ်းတယ်ဆိုတာ မှတ်တမ်းတွေအရ သေချာနေပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့နောက်ဆုံးကြည့်ရှုရမယ့်ပွဲစဉ်ဖြစ်တာကြောင့် ပရိသတ်တွေ ဝမ်းနည်းနေမှာသေချာပါတယ်။ ဒါပေမယ့် နောက်ထပ် ၂ ပတ်လောက်ကြာရင် ကမ္ဘာ့ဖလားပွဲစဉ်တွေ စတင်ပြီဖြစ်တာကြောင့် ဘောလုံးပွဲမကြည့်ဘဲ နေရမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD