play

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပေါ်တိုအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ မာနေး၊ ဖာမီနို၊ မိုဟာမက်ဆာလာတို့ရဲ့သုံးယောက်တွဲတိုက်စစ်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲစတင်ချိန်ကတည်းက အိမ်ရှင် ပေါ်တိုအသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ၂၅ မိနစ်မှာ ဝစ်ဂ်ျနယ်ဒန်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မာနေးက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

၂၉ မိနစ်မှာ ဂျိမ်းစ်မေလ်နာရဲ့ပေးပို့မှုကနေတစ်ဆင့် မိုဟာမက်ဆာလာက လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အိမ်ရှင်ပေါ်တိုအသင်းဟာ ၅ မိနစ်အတွင်း လီဗာပူးအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရတဲ့အတွက် ကစားကွက်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ပြီး ချေပဂိုး ရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် လီဗာပူးအသင်းကို လွှမ်းမိုးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာလည်း လီဗာပူးအသင်းရဲ့လျင်မြန်တဲ့တိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ ၅၃ မိနစ်မှာ ဖာမီနိုရဲ့ပေးပို့မှုကနေတစ်ဆင့် မာနေးက လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

၆၉ မိနစ်မှာ ဂျိမ်းစ်မေလ်နာရဲ့ အကွက်မြင်မြင်ဖန်တီးပေးပို့လိုက်တဲ့ဘောလုံးကို ဖာမီနိုက အမှားအယွင်းမရှိ သွင်းယူပေးခဲ့ပြီး လီဗာပူးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ၄ ဂိုးပြတ် သွင်းယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် ကစားသမားအလဲအလှယ်ပြုလုပ်ခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

play

 

ပွဲကစားချိန်ပြည့်မြောက်ခါနီး ၈၅ မိနစ်မှာ လူစားဝင်ရောက်လာတဲ့ ဒန်နီအင့်ဂ်ရဲ့ဖန်တီးပေးပို့မှုကို ဆာဒီယိုမာနေးက လီဗာပူးအသင်းအတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး ယနေ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပေါ်တိုအသင်းရဲ့အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် ရာခိုင်နှုန်းများသွားခဲ့ပြီဖြစ်ပါတယ်။

Photos: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video