AD
AD
AD

၁၉၉၀ ပြည့်နှစ်လွန်ကာလတွေက စီးရီးအေပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူသိနည်းခဲ့ပေမယ့် ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အဲဒီကစားသမားတွေဟာ စီးရီးအေပြိုင်ပွဲရဲ့အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပြီး ဒီကနေ့မှာ အဆင့်အတန်းရှိတဲ့ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်လာစေခဲ့သူတွေ ဖြစ်ပါတယ်။

 

၁။ ရော်နယ်ဒို

play

 

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရတဲ့အချိန်တွေ များခဲ့ပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ အေစီမီလန်အသင်းရဲ့နာမည်ကျော် ခံစစ်ကျောက်ဆောင်တွေဖြစ်ကြတဲ့ မာဒီးနီနဲ့ နက်စတာတို့ကိုတောင် အရူးလုပ်နိုင်ခဲ့တဲ့ကစားသမားပါ။ ရော်နယ်ဒိုသွင်းယူခဲ့တဲ့ဂိုးတွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းက ဘာစီလိုနာအသင်းကနေ စတင်ပြောင်းရွှေ့ပြီး ၂ ရာသီအတွင်း သွင်းယူခဲ့တဲ့ဂိုးတွေ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ ဥက္ကဌ မက်ဆီမို မိုရက်တီဟာ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး ဂက်ဘရီရယ်ဘားတစ်စတူတာကို ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အင်တာမီလန်အသင်းနဲ့အတူ ၆ ရာသီ ကုန်ဆုံးခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ရာစုနှစ်တစ်ခုရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့ပါတယ်။

 

၂။ ရောဘတ်တိုဘက်ဂီယို

play

 

၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဂျူဗင်တပ်အသင်းမှာ ကစားပေးခဲ့ပြီး အသင်းရဲ့နှလုံးသွေးကြောလို့ တင်စားရလောက်တဲ့အထိ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဆံပင်ကောက်ကောက်ကို စည်းထားပြီး တိကျသေချာတဲ့ အလွတ်တည်ကန်ဘောတွေက ဘက်ဂီယိုရဲ့ အမှတ်တံဆိပ်လို့ ပရိသတ်တွေ သိရှိခဲ့ကြပါတယ်။ ၁၉၉၅ ခုနှစ်မှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဘိုလော့ဂ်နာ၊ အင်တာမီလန်အသင်းတို့မှာလည်း အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဘရက်ရှားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ကစားသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ပါတယ်။ အီတလီလက်ရွေးစင်အသင်း အတွက် ၅၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂၇ ဂိုးသွင်းယူပေးခဲ့ပါတယ်။

 

၃။ ပါအိုလိုမာဒီးနီ

play

 

ပြိုင်ဘက်တိုက်စစ်မှူးတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေတဲ့ ခံစစ်ကျောက်ဆောင်ကြီးလို့ ပြောလိုက်တာနဲ့ အေစီမီလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး မာဒီးနီကို ပြေးမြင်မိကြမှာပါ။ မာဒီးနီဟာ အီတလီလက်ရွေးစင်အသင်းအတွက် ၁၉၈၈ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ယင်းအချိန်က ဘယ်နောက်ခံကစားသမားအဖြစ် ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ဗဟိုခံစစ်မှူး ဘာရီဆီအနားယူပြီး နောက်ပိုင်းမှာ အေစီမီလန်အသင်းရဲ့ဗဟိုခံစစ်ကို ပြောင်းလဲကစားခဲ့ပါတယ်။

 

၎။ ဖရန်ကိုဘာရီဆီ

play

 

အေစီမီလန်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းရဲ့အကောင်းဆုံးဗဟိုခံစစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ အေစီမီလန်အသင်းလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ ပထမအသင်းကစားသမားအဖြစ် စတင်ပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။ ဘာရီဆီဟာ အားကစားသမားတစ်ယောက်ရဲ့ခန္ဓာကိုယ်မျိုးမရှိပေမယ့် ကစားပွဲထဲမှာ ဘယ်လိုအလိုက်သင့်ကစားရမယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့ကစားသမားဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့အတူ ဆုဖလားတွေကို ၁၇ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့ပြီး အီတလီအသင်းနဲ့အတူ ၁၉၈၂ ခုနှစ်ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

 

၅။ ဇီဒန်း

play

 

၁၉၉၅ ခုနှစ်မှာ ရောဘတ်တိုဘက်ဂီယိုထွက်ခွာသွားပြီးတဲ့နောက် ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ်ဟာ စွဲမက်စရာမရှိတော့ဘဲ စိတ်ပျက်စရာအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ကစားသမားဟောင်း မိုက်ကယ်ပလာတီနီရဲ့အကြံပေးချက်အရ ဂျူဗင်တပ်အသင်းဟာ ဘော်ဒိုးအသင်းမှာ ကစားနေတဲ့ ဇီဒန်းကို ၁၉၉၆ ခုနှစ်မှာ ခေါ်ယူခဲ့ပါတယ်။ ခန့်မှန်းရခက်ခဲတဲ့ ကိုယ်ခန္ဓာယိမ်းယိုင်မှုတွေနဲ့အတူ ပြိုင်ဘက်တွေကို အရူးလုပ်တဲ့ကစားဟန်ကြောင့် ခဏလေးအတွင်းမှာ ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ် ကြယ်ပွင့်ကစားသမားဖြစ်လာခဲ့ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အဝေးကန်ချက်၊ တစ်ကိုယ်ကောင်းမဆန်ဘဲ အကွက်မြင်မြင် ဖန်တီးပေးပို့မှုတွေကြောင့် ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

 

၆။ အလက်ဆန်ဒရို ဒယ်ပီရားရိုး

play

 

ဒယ်ပီရားရိုးအကြောင်း ပြောတဲ့နေရာမှာတော့ ဒယ်ပီရားရိုး ဗားရှင်း ၂ မျိုးခွဲပြီးပြောရမှာဖြစ်ပါတယ်။ ၁၉၉၈ နိုဝင်ဘာ ၈ ရက်နေ့မတိုင်မီကနဲ့ ပြီးနောက်ဆိုပြီး ခွဲခြားပြောရမှာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဒယ်ပီရားရိုးဟာ ရာသီကုန်အထိ အနားယူခဲ့ရတဲ့ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာတော့ ကစားဟန်ကအစ ပြောင်းလဲသွားခဲ့ပါတယ်။ အရင်က လျင်လျင်မြန်မြန်နဲ့ ခပ်ကြမ်းကြမ်းကစားတတ်တဲ့ ဒယ်ပီရာရိုးဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ခပ်နှေးနှေးနဲ့ နုနုရွရွကစားတဲ့ပုံစံကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒယ်ပီယာရိုးရဲ့အကောင်းဆုံးနှစ်တွေကတော့ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိလို့ ပြောရမှာဖြစ်ပြီး ၁၉၉၇ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းကို ခြေဖနောင့်နဲ့ သွင်းယူခဲ့တဲ့ဂိုးဟာ ပရိသတ်တွေကို အမှတ်တရဖြစ်စေခဲ့ပါတယ်။

 

၇။ ဂက်ဘရီရယ်ဘားတစ်စတူတာ

play

 

'ဘာတီဂေါက သားရဲတိရစ္ဆာန်တစ်ကောင်လိုပဲ။ အာဂျင်တီးနားသားရဲတိရစ္ဆာန်ဖြစ်နေတာပဲ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်'လို့ အာဂျင်တီးနား ဂန္တဝင်တိုက်စစ်မှူး မာရာဒိုနာကိုယ်တိုင် ချီးကျူးတာ ခံခဲ့ရတဲ့ ဘားတစ်စတူတာဟာ ဖီအိုရင်တီးနားအသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဖီအိုရင်တီးနားအသင်း တန်းဆင်းခဲ့တဲ့အချိန်မှာ အသင်းနဲ့အတူရှိနေပေးခဲ့ပြီး ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ဖီအိုရင်တီးနားအသင်းရဲ့ပရိသတ်တွေဟာ ဘားတစ်စတူတာကို ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဘားတစ်စတူတာ ရိုးမားအသင်းကို ပြောင်းရွှေ့သွားခဲ့ချိန်မှာတော့ ဖီအိုရင်တီးနားအသင်းရဲ့ပရိသတ်တွေကပဲ ယင်းရုပ်ထုကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

 

၈။ လီလီယန်သူရမ်

play

 

ဗဟိုခံစစ်နဲ့ ညာနောက်ခံ ၂ နေရာစလုံးကို ကျွမ်းကျင်စွာကစားနိုင်တဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်း သူရမ်ဟာ ပါးမားအသင်း ၁၉၉၉ ခုနှစ် ဥရောပဖလားရယူရာမှာ အဓိကသော့ချက်အနေနဲ့ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။

 

၉။ မာဆယ်ဒက်ဆယ်လီ

play

 

၁၉၉၃ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ ဘရာဇီးတိုက်စစ်မှူး ရိုမာရီယိုနဲ့ ပြင်သစ်နောက်ခံကစားသမား ဒက်ဆယ်လီတို့ကို ယင်းတို့ရဲ့သက်ဆိုင်ရာအသင်းတွေက ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းရဲ့နည်းပြ ဂျိုဟန်ခရိုက်ဖ်က ဘရာဇီးတိုက်စစ်မှူး ရိုမာရီယိုကို အလျင်အမြန်ခေါ်ယူခဲ့ပြီး ဖေဘီယိုကာပယ်လိုနည်းပြနေတဲ့ အေစီမီလန်အသင်းက ဒက်ဆယ်လီကို ခေါ်ယူခဲ့ပါတယ်။ ဂျိုဟန်ခရိုက်ဖ်က တော်တော်ခံစစ်ကြိုက်တဲ့အီတလီတွေလို့ လှောင်ပြောင်ခဲ့ပြီး မလိုအပ်ဘဲ လူပိုဝယ်ယူခဲ့တာလို့ ယူဆခဲ့ပါတယ်။ ဒက်ဆယ်လီဟာ အေစီမီလန်အသင်းရဲ့ကွင်းလယ်ထိ တက်ကစားခဲ့ပြီး ကွင်းလယ်က ဒီမီထရီယိုအယ်ဘာတီနီနဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပါတယ်။ ကြံ့ခိုင်မာကျောပြီး နည်းစနစ်ပိုင်းလည်း ကောင်းမွန်တဲ့ ဒက်ဆယ်လီဟာ စီးရီးအေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလားကို အေစီမီလန်အသင်းနဲ့အတူ ရရှိခဲ့ပါတယ်။

 

၁၀။ ဘူဖွန်

play

 

လက်ရှိအချိန်အထိ ဂျူဗင်တပ်အသင်းအတွက် ကစားပေးနေတဲ့ဘူဖွန်ဟာ ၁၉၉၅ ခုနှစ်မှာ အေစီမီလန်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာ ပါးမားအသင်းရဲ့ ပထမဂိုးသမား လူကာဘူစီ ဒဏ်ရာရနေတာကြောင့် ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်ဂိုးသမားလေး ဘူဖွန်ဟာ အေစီမီလန်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ မာကွန်ဆီမြွန်နီ၊ ဂျော့ဝဲရှ်တို့ရဲ့ ကန်သွင်းမှုတွေကို ကာကွယ်ပြီး ပွဲဦးထွက်မှာပဲ Clean Sheet ကို ရယူနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာပဲ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရရှိခဲ့တဲ့ ဘူဖွန်ဟာ လက်ရှိအချိန်အထိ လက်ရွေးစင်အသင်းအတွက် ကစားပေးနေဆဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD