International: အေစီမီလန်ကို တရုတ်စီးပွားရေးလုပ်ငန်းစုထံ ဘာလူစကိုနီ ရောင်းချ

အေစီမီလန်ဟာ ငွေကြေးအင်အားတောင့်တင်းတဲ့ ဥရောပပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ရန်အတွက် ရုန်းကန်နေရပါတယ်။

play


အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီက အေစီမီလန် ဘောလုံးကလပ်အသင်းကို တရုတ်စီးပွားရေးလုပ်ငန်းစုထံ ရောင်းချလိုက်ပြီလို့ ပြောပါတယ်။ အေစီမီလန်ပိုင်ရှင် ဘာလူစကိုနီက အသင်းကို တရုတ်စီးပွားရေးလုပ်ငန်းစုထံ ရောင်းချလိုက်ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၅ ရက်) က အီတလီ သတင်းစာတစ်စောင်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


ဘာလူစကိုနီရဲ့ အဆိုအရ တရုတ်စီးပွားရေးလုပ်ငန်းစုက လာမယ့် ၂ နှစ်ကျော်အတွင်း အနည်းဆုံး ယူရို သန်း ၄၀၀ ပေးချေသွားမှာဖြစ်ပြီး အကြွေးများအပါအဝင် အသင်းရဲ့တန်ဖိုးမှာ ယူရို သန်း ၇၅၀ အထိ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ အေစီမီလန်ကို တရုတ်စီးပွားရေးလုပ်ငန်းစုထံ လွှဲပြောင်းရေး ဆောင်ရွက်နေပြီလို့ ဘာလူစကိုနီက ပြောပေမဲ့ အသင်းကို ဝယ်ယူခဲ့တဲ့ စီးပွားရေးလုပ်ငန်းစုရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

play


အီတလီ ပြည်တွင်းမှ အခြား သတင်းမီဒီယာတွေက ဖော်ပြမှုအရတော့ အေစီမီလန် အရောင်းအဝယ်ကိစ္စဟာ ဆွေးနွေးမှုနောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ တရုတ်ဘက်မှ ဝယ်ယူသူတွေက အေစီမီလန်ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကနဦး ဝယ်ယူသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ကျန်ရှိနေတဲ့ ရှယ်ယာအားလုံးကို ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

play


ယမန်နှစ်အတွင်းက အေစီမီလန်ရဲ့ ရှယ်ယာအများစုကို ထိုင်းလုပ်ငန်းရှင်တစ်ဦးထံ ရောင်းချရန် သဘောတူညီမှု ရလုနီးပါးဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘာလူစကိုနီက အစီအစဉ်ပြောင်းသွားပြီး တရုတ်လုပ်ငန်းစုထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်ပိုင်ရှင် အသက် ၇၉ နှစ်အရွယ် ဘာလူစကိုနီဟာ အီတလီဝန်ကြီးချုပ် လေးကြိမ်ဖြစ်ခဲ့ပြီး အခွန်တိမ်းရှောင်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အေစီမီလန်ဟာ ဥရောပမှာ အောင်မြင်မှုများရှိခဲ့တဲ့ အသင်းဖြစ်ပေမဲ့ ငွေကြေးအင်အားတောင့်တင်းတဲ့ ဥရောပပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ရန်အတွက် ရုန်းကန်နေရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ