International: ပထမဆုံးအကြိမ် ယူရိုဗိုလ်လုပွဲတက်မယ့် ဝေးလ်အသင်းရဲ့ မျှော်လင့်ချက်ကို ပေါ်တူဂီ ဟန့်တားနိုင်မလား

မိနစ်ကိုးဆယ်အတွင်း အရှုံးအနိုင်ပေါ်ဖို့ မလွယ်တဲ့ပွဲ ဖြစ်ပါတယ်။

play

 

နိုင်ငံတကာ ဘောလုံးလောကမှာ အောင်မြင်မှု ကြီးကြီးမားမား မရထားတဲ့ ဝေးလ်အသင်းက ပေါ်တူဂီကို ယနေ့ည အနိုင်ရခဲ့မယ်ဆိုရင် လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ဗိုလ်လုပွဲကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဖော်နှစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်တို့နှစ်ဦး အပြန်အလှန် တွေ့ကြမယ့် ပွဲဖြစ်ပါတယ်။

play

 

ပေါ်တူဂီအသင်းက အုပ်စုပွဲစဉ်တွေအပါအဝင် ငါးပွဲကစားပြီးတဲ့နောက် ဆီမီးဖိုင်နယ်ကို ရောက်လာတာဖြစ်ပေမဲ့ ထူးထူးခြားခြားပဲ မိနစ်ကိုးဆယ်အတွင်း တစ်ပွဲမှ အနိုင်ရထားတာ မရှိသေးပါဘူး။ ဝေးလ်အသင်းကတော့ ကမ္ဘာ့အဆင့် ၂ နေရာမှာရှိတဲ့ ဘယ်လ်ဂျီယံအသင်းကို ကျော်ဖြတ်ပြီးတဲ့နောက် ဆီမီးဖိုင်နယ် ရောက်လာတာပါ။

ဒဏ်ရာရ ပွဲပယ်

ဝေးလ်အသင်းဘက်မှာ စပါးနောက်ခံ ကစားသမား ဘန်ဒေးဗီးစ်ပါနိုင်မှာမဟုတ်သလို အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးလည်း ပွဲပယ်ကြောင့် မပါနိုင်ပါဘူး။ အန်ဒီကင်းကို ရမ်ဆေးနေရာမှာဝေးလ်အသင်း အစားထိုးကစားဖွယ်ရှိနေပါတယ်။

ပေါ်တူဂီဘက်မှာလည်း ဝီလျံကာဗယ်ဟို ပွဲပယ်ခံထားရလို့ ပါနိုင်မှာ မဟုတ်ပါဘူး။

ဖြစ်နိုင်ချေ လူစာရင်း

ပေါ်တူဂီ

play

 

ဂိုး - ပက်ထရီရှို ၊ နောက်တန်း - ဆီဒရစ်၊ ရီကာဒိုကယ်ဗယ်ဟို၊ ဂွါရယ်ရီယို၊ အလယ်တန်း - ဒါနီလို၊ မာရီယို၊ အက်ဒရီယန်ဆေးလ်ဗား၊ ဆန်းချက်ဇ်၊ ရှေ့တန်း - နာနီ၊ ရော်နယ်ဒို

ဝေးလ်

play

 

ဂိုး - ဟန်နက်ဆီ၊ နောက်တနး - ချက်စတာ၊ အက်ရှ်လေ၊ ကောလင်း၊ အလယ်တန်း - ဂန်တာ၊ အယ်လန်၊ လက်ဒလေ၊ ဂျွန်နသန်ဝီလျံ၊ တေလာ၊ ရှေ့တန်း - ဘေးလ်၊ ရော့ဘ်ဆင်ကနူး

ပေါ်တူဂီနည်းပြ ဆန်းတို့စ်

ဒါဟာ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်ရဲ့ နှစ်ဦးတည်းပွဲမဟုတ်ပါဘူး။ ဆီမီးဖိုင်နယ်ရောက် ကစားသမား အားလုံးဆီမှာ တူညီတဲ့ ရည်မှန်းချက်ရှိနေပါတယ်။ ကျွန်တော်တို့ အောင်မြင်မှု သမိုင်းရေးထိုးဖို့အတွက် တာဝန်ကိုယ်စီရှိပါတယ်။ အောင်မြင်မှုရဖို့ အရည်အသွေး ကျွန်တော်တို့ဆီမှာ ပါလာပြီးသားပါ။

ဝေးလ်နည်းပြ ကိုးလ်မန်း

ပေါ်တူဂီနဲ့ ယှဉ်ပြီး ကျွန်တော်တို့ကို အသင်းငယ်အဖြစ် သတ်မှတ်တာလည်း စိတ်မဆိုးပါဘူး။ ကျွန်တော်တို့အသင်းက တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြပြီးသားပါပြိုင်ပွဲမစခင်တုန်းက ဆီမီးဖိုင်နယ်အကြောင်း မတွေးထားပါဘူး။ ပြိုင်ပွဲစတော့ အုပ်စုကလွတ်ဖို့ပဲ တွေးမိခဲ့တာပါ။ နည်းပြဘယ်လောက်ကောင်းကောင်း ကစားသမားကောင်း ရှိဖို့က ပိုအရေးကြီးပါတယ်။ ကျွန်တော့်မှာ ကစားသမားကောင်းတွေရှိတဲ့အတွက် ကျွန်တော်ကံကောင်းပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

play

 

၁၉၄၉ ခုနှစ် ခြေစမ်းပွဲမှာ ပေါ်တူဂီက ဝေးလ်အသင်းကို ၃-၂ ဂိုးနဲ့ နိုင်ခဲ့ဖူးပြီး နောက်နှစ်နှစ်အကြာမှာတော့ ဝေးလ်အိမ်ကွင်းမှာ ပေါ်တူဂီ ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ခြေစမ်းပွဲစဉ်မှာ ပေါ်တူဂီက ၃-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဂါရက်ဘေးလ်က စပါးကစားသမားဘဝနဲ့ ရော်နယ်ဒိုကို ငါးကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး တစ်ကြိမ်မှ အနိုင်မရထားပါဘူး။

သုံးသပ်ချက်

play

အစဉ်အလာနဲ့ အတွေ့အကြုံအရ ပေါ်တူဂီက ဝေးလ်အသင်းထက် အသာစီး ရထားပါတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံကို နိုင်ပြီး တက်လာတဲ့ဝေးလ်အသင်းရဲ့ စိတ်ဓာတ်က အမြင့်ဆုံး အခြေအနေမှာရောက်နေပြီးသားပါ။ ဝေးလ်ကွင်းလယ်မှာ ရမ်ဆေးမပါတဲ့အတွက် ဂိုးရဖို့ အနည်းငယ်အခက်အခဲ တွေ့နိုင်ပါတယ်။

ဂါရက်ဘေးလ်ရဲ့ ထိုးဖောက်ချက်တွေကတစ်ဆင့် ဂိုးရဖို့ မျှော်လင့်ရမှာပါ။ မိနစ်ကိုးဆယ်အတွင်း အဖြေပေါ်ဖို့ မလွယ်တဲ့ပွဲဖြစ်ပါတယ်။ အစဉ်အလာနဲ့ အတွေ့အကြုံသာတဲ့ ပေါ်တူဂီ အချိန်ပိုသို့မဟုတ် ပင်နယ်တီမှာ အနိုင်ရပြီး နောက်တစ်ဆင့်တက်မယ်လို့ ယူဆရပါတယ်။

ှSource : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ