Euro 2016: အင်္ဂလန်အသင်း အုပ်စုဒုတိယဖြင့် ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်

ပေါ်တူဂီက အုပ်စုနောက်ဆုံးပွဲမှာ နိုင်ပွဲရမယ်ဆိုရင် အင်္ဂလန်အသင်းနဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံနိုင်ပါတယ်။

play

 

ယူရို ၂၀၁၆ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ကစားခဲ့ကြပြီးတဲ့နောက် နာမည်ကြီးအင်္ဂလန်က ဆလိုဗက်ကီးယားအသင်းကို အနိုင်မရခဲ့တဲ့အတွက် အုပ်စုဒုတိယနဲ့သာ  ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ အိမ်နီးချင်း ဝေးလ်အသင်းကတော့ နိုင်ပွဲလုံးဝမရသေးတဲ့ ရုရှားကို သုံးဂိုးပြတ် နိုင်ပွဲယူပြီး အုပ်စုပထမနဲ့ နောက်တဆင့် တက်သွားတာဖြစ်ပါတယ်။

play

 

ဆလိုဗက်ကီးယာနဲ့ပွဲထွက်လူစာရင်းမှာ နည်းပြရွိုင်းဟော့ဆန်က အပြောင်းအလဲများများ ပြုလုပ်ထားပြီး အသင်းခေါင်းဆောင်ရွန်နေးမပါခဲ့သလို တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ စတာလင်လည်းမပါခဲ့ပါဘူး။ တိုက်စစ်မှူးဗာဒီ၊ စတာရစ်ခ်ျတို့ပွဲထွက်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ လွဲချော်မှု ရှိခဲ့ကြလို့ နိုင်ပွဲပျောက်ခဲ့တဲ့ အတွက် ဝေဖန်ခံရတဲ့အထဲမှာ ဒီတိုက်စစ်မှူးနှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

play

 

ဆလိုဗက်ကီးယားအသင်းက ဒီပွဲကို သရေတစ်မှတ်ရအောင် ယူသွားနိုင်ခဲ့တာကြောင့် လေးမှတ်ရသွားခဲ့ပြီး အကောင်းဆုံး အုပ်စုတတိယအသင်းအနေနဲ့ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားပါတယ်။ တိုက်စစ်မှူးဗာဒီ အဖွင့်ဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးတွေရပြီး တစ်ယောက်ချင်း ရင်ဆိုင်အတွေ့ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဆလိုဗက်ကီးယားဂိုးသမား ကိုဇာဆစ် အကောင်းဆုံး ကာကွယ်သွားပါတယ်။

play

 

ဒုတိယပိုင်းပြန်အစမှာ ဆလိုဗက်ကီးယားအသင်း အင်္ဂလန်ကို ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် အင်္ဂလန်နောက်တန်းက အမှားကင်းခဲ့တာကြောင့် ဂိုးတော့မရခဲ့ပါဘူး။ နောက်ပိုင်းမှာ ဟယ်ရီကိန်း ရွန်နေးတို့ လူစားဝင်လာခဲ့ပေမယ့် အင်္ဂလန်တစ်ဂိုးတောင် မရခဲ့ပဲ ဂိုးမရှိသရေနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။

ှSource : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ