Local Sports: ဆူဇူကီးဖလားပြိုင်ပွဲအဖွင့်ပွဲမှာ မြန်မာအသင်း ဗီယက်နမ်ကို ရှုံးနိမ့်

အဖွင့်ပွဲစဉ်မှာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက  ဗီယက်နမ်လက်ရွေးစင်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားပြိုင်ကွင်းမှာကစားခဲ့တဲ့ ဒီပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ်အသင်းဘက်ကို ထိရောက်သေချာတဲ့ တိုက်စစ်ဆင်တာတွေ မလုပ်နိုင်ခဲ့ဘဲ ဗီယက်နမ်အသင်းက မြန်မာအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဗီယက်နမ်အသင်းတိုက်စစ်မှူး ငုရင်ဗန်ကွက်က မြန်မာအသင်းနောက်ခံလူတွေရဲ့ အမှားကို အခွင့်ကောင်းယူပြီး အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကတော့ မြန်မာနောက်ခံလူသုံးဦးရဲ့ လူကပ်ကစားမှု အားနည်းတာကို အခွင့်ကောင်းယူပြီး သွင်းယူသွားခဲ့တာပါ။

နောက်ပိုင်းမှာလည်း ဗီယက်နမ်အသင်းကပဲ မြန်မာအသင်းဘက်ကို ကစားကွက်အသာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးရရှိဖို့ကြိုးပမ်းတဲ့ ကွင်းလယ်ဖန်းတီးမှုက တောင်ပံတွေကိုအားပြုပြီး ကစားနေတဲ့ မြန်မာအသင်းထက်ပိုပြီး အလုပ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်းက ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူးဝင်းနိုင်စိုးရဲ့နေရာကို သန်းပိုင်းနဲ့လူစားထိုးခဲ့ပြီးနောက်ပိုင်းမှာတော့ မြန်မာအသင်းရဲ့တိုက်စစ်ပြန်သွက်လာပြီး ပွဲချိန်၇၃ မိနစ်မှာ မျိုးကိုထွန်းရဲ့ ပံပိုးမှုကနေတဆင့် ဗီယက်နမ်နောက်ခံလူတွေရဲ့ ကြားကနေ အောင်သူက ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၀ မိနစ်မှာတော့ ဗီယက်နမ်အသင်းက တန်ပြန်တိုက်စစ်ကနေ တိုက်စစ်မှူး လီကောင်ဗင်းက ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ မြန်မာအသင်းကနောက်ပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန်ပြီးဆုံးတဲ့အချိန်အထိ ဂိုးမသွင်းနိုင်တော့လို့ အိမ်ကွင်းမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ