Local Sports: ကမ္ဘောဒီးယားကို အနိုင်ယူပြီး မြန်မာအသင်း ဆူဇူကီးအကြိုဗိုလ်လုပွဲ မျှော်လင့်ချက်ရှင်သန်

, updated

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက ပြိုင်ဘက် ကမ္ဘောဒီးယားအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲမျှော်လင့်ချက် ရှင်သန်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ပွဲက နှစ်သင်းစလုံးအတွက်အရေးကြီးတာကြောင့် ပွဲစတာနဲ့ အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့လို့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားအသင်းက တန်ပြန်တိုက်စစ်ကိုဦးစားပေး ကစားသွားပြီး မြန်မာအသင်းကတော့ ဗီယက်နမ်အသင်းနဲ့ပွဲက လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ပြီး ကွင်းလယ်ကိုအားပြုကာ ကစားကွက်ဖေါ်ခဲ့တာကိုတွေ့ရပါတယ်။

play

 

ပထမပိုင်းမှာတော့ ကမ္ဘောဒီးယားအသင်းက မြန်မာအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာတော့ မြန်မာနောက်တန်းလူတွေနဲ့ ဂိုးသမားကျော်ဇင်ဖြိုးတို့ရဲ့အမှားကနေ ကမ္ဘောဒီးယားတိုက်စစ်မှူး ဆိုဆူဟာနာက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း မြန်မာအသင်း ချေပဂိုးပြန်ရဖို့အတွက် ကမ္ဘောဒီယားအသင်းဘက်ကို တိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာ အောင်သူကွင်းလယ်ကနေ လွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါက်လွဲခဲ့လို့ နစ်နာခဲ့ရပါတယ်။

နောက်ပိုင်းအချိန်တွေမှာ မြန်မာအသင်းကပဲ ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၃၄ မိနစ်မှာတော့ အသင်းနောက်ခံလူ ဇော်မင်းထွန်းက ပြစ်ဒဏ်ဘောကနေတစ်ဆင့် ခေါင်းတိုက်ပြီး မြန်မာအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သလို မိနစ် ၄၀ မှာလည်း နောက်ခံလူ ဇော်မင်းထွန်းကပဲ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ပွဲချိန်တစ်လျောက်လုံး ခြေစွမ်းနေတဲ့ မြန်မာတိုက်စစ်မှူးအောင်သူက ကမ္ဘောဒီးယားနောက်ခံလူတွေကို ကျော်ဖြတ်ပြီး တတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ မြန်မာအသင်းတိုက်စစ်မှူးကောင်းဆက်နိုင် ဂိုးကန်သွင်းခွင့်တွေ အမြောက်အများရခဲ့ပေမယ့် ဂိုးကံခေနေလို့ ကမ္ဘောဒီးယားအသင်းနောက်ထပ်ဂိုးတွေ မပေးခဲ့ရတာပါ။

play

 

နောက်ပိုင်းအချိန်တွေမှာ မြန်မာအသင်းကပဲ ကမ္ဘောဒီးယားအသင်းဘက်ကို ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့တာကိုတွေ့ရပြီး ကမ္ဘောဒီးယားအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေတစ်ဆင့် ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနောက်တန်းကို မကျော်နိုင်တော့လို့ အုပ်စုအဆင်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက လာမယ့် နိုဝင်ဘာလ ၂၆ ရက်မှာ မလေးရှားအသင်းနဲ့ ဆီးမီးဖိုင်နယ်အတွက် အဆုံးအဖြတ်ပွဲ ကစားရမှာဖြစ်ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ