Local Sports: မလေးရှားအသင်းကို အနိုင်ကစားမယ်လို့ မြန်မာနည်းပြချုပ်ပြော

သရေကျရုံနဲ့ အကြိုဗိုလ်လုပွဲ တက်ရောက်မှာ ဖြစ်ပေမယ့် အနိုင်ကစားသွားမယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ဒီနေ့ကစားမယ့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ မလေးရှားအသင်းကို သရေကျရုံနဲ့ အကြိုဗိုလ် လုပွဲတက်ရောက်မှာ ဖြစ်ပေမယ့် အနိုင်ရရှိအောင် ကစားသွားမယ်လို့ နိုဝင်ဘာ ၂၅ ရက်က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောလိုက်ပါတယ်။

‘‘မလေးရှားကအသင်း ကောင်းတစ်သင်းဖြစ်တာကြောင့် ခက်ခဲမယ့်ပွဲပါ။ ဒီပွဲကို သရေရလဒ်အတွက် ဦးတည်ပြီးကစား လို့မရပါဘူး။ ဒါက ကျွန်တော်တို့အတွက် အရမ်းအန္တရာယ်များပါတယ်။ ကျွန်တော်တို့အနေနဲ့ အနိုင်သုံးမှတ်အတွက် ဦးတည်ကစားရမှာပါ။ သရေကျရုံနဲ့ နောက်တစ်ဆင့်တက်ရောက်မှာ ဖြစ်ပေမယ့်လည်း အနိုင်ရရှိအောင် ကြိုးစားသွားမှာပါ’’လို့  ဂတ်ဖရိုင်းဒရစ်က ပြောပါတယ်။

play

 

မြန်မာနဲ့ မလေးရှားအသင်းတွေက အုပ်စုနှစ်ပွဲစီ ယှဉ်ပြိုင်အပြီးမှာ ရမှတ်သုံးမှတ်စီ ရရှိထားပေမယ့် ဂိုးကွာခြားချက် အသာရရှိထားတဲ့ မြန်မာအသင်းက ဒီနေ့ပွဲစဉ်မှာ အနည်းဆုံးသရေကျရုံနဲ့  အကြိုဗိုလ်လုပွဲတက်ရောက်နိုင်မှာဖြစ်ပေမယ့် မလေးရှားအသင်းကတော့ အနိုင်ရရှိဖို့ လိုအပ်နေတာပါ။

မလေးရှားအသင်း နည်းပြအွန်ကင်ဆွီးကလည်း မြန်မာအသင်းနဲ့ ပွဲစဉ်က ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပြီး မလေးရှားအသင်း နောက်တစ်ဆင့်တက် ရောက်နိုင်ဖို့ အနိုင်ရရှိရန် လိုအပ်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ယုံကြည်နေတယ်လို့လည်းပြောခဲ့ပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ