Local Sports: မလေးရှားကို အနိုင်ယူပြီး ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို မြန်မာအသင်း တက်ရောက်

, updated

ဆယ်နှစ်အတွင်း ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ)နောက်ဆုံးပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် အသင်းက မလေးရှားအသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ကို ဆယ်နှစ်အတွင်း ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

 

ဒီနေ့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အကြိုဗိုလ်လုပွဲတက်ဖို့ အရေးကြီးတာကြောင့် အပြန်အလှန်တိုက်စစ်ဆင် ကစားခဲ့လို့ အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲအစပိုင်းမှာတော့ မလေးရှားအသင်းက မြန်မာအသင်းဘက်ကို အနည်းငယ်ဖိအားပေး ကစားနိုင်ခဲ့တာတွေရပြီး ပွဲချန် ၆ မိနစ်မှာ မလေးရှားတိုက်စစ်မှူးရဲ့ ဂိုးဧရိယာထိပ်ကနေ အမှတ်မထင်ကန်သွင်းချက်က ဂိုးတိုင်ကိုထိသွားလို့ မြန်မာအသင်းသက်သာခဲ့တာပါ။

play


ပွဲချိန် ၁၁ မိနစ်မှာတော့ မြန်မာအသင်းတိုက်စစ်မှူး အောင်သူကို ဂိုးဧရိယာထဲမှာ မလေးတိုက်စစ်မှူးက ခြေချိတ်ခဲ့လို့ရခဲ့တဲ့ ပင်နယ်တီကို အောင်သူပဲကန်သွင်းခဲ့ပေမယ့် အားပျော့သွားတာကြောင့် မလေးရှားဂိုးသမားဖမ်းမိခဲ့လို့ မြန်မာအသင်း ဦးဆောင်ဂိုးရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။

နောက်ပိုင်းအချိန်တွေ မြန်မာအသင်းကပဲ မလေးရှားအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တစ်ဖက်အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် အောင်သူကန်သွင်းတဲ့ ပြစ်ဒဏ်ဘောတွေ ဂိုးတိုင်ထိ၊ ဂိုးသမားပုတ်ထုတ်နိုင်ခဲ့တာတွေဖြစ်ခဲ့လို့ မြန်မာအသင်း ဂိုးကံခေနေခဲ့ပါတယ်။

play


ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ မလေးရှားအသင်းဘက်ကို ပွဲစတာနဲ့ ဖိအားပေးကစားနိုင်ပြီး ပွဲချိန် ၅၅ မိနစ်အထိ ထောင့်ကန်ဘောသုံးကြိမ်ရတဲ့ အထိ မလေးရှားအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပွဲမှာ မတည်ငြိမ်ခဲ့တဲ့ မြန်မာနောက်တန်းတွေက ဒီနေ့ပွဲမှာအမှားအယွင်းနည်းနည်းနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၈ မိနစ်အကျော်မှာတော့ ပွဲချိန်တစ်လျောက်လုံး ညာတောင်ပံမှာ ခြေစွမ်းပြနေတဲ့ ဒေးဗစ်ထန်းက မြန်မာအသင်းဆီမီးဖိုင်နယ်တက်ဖို့ အဆုံးအဖြတ်ဖြစ်တဲ့ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာလ ၄ ရက်နဲ့ ၈ ရက်နေ့တွေမှာ အိမ်ကွင်းအဝေးကွင်းယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ