Local Sports: ဆူဇူကီးဖလား ပထမအကြိုဗိုလ်လုပွဲမှာ အိမ်ရှင်မြန်မာအသင်း ထိုင်းကိုရှုံးနိမ့်

ဘောလုံးပိုင်ဆိုင်မှု၊ တစ်ဦးချင်းစွမ်းရည်နဲ့ အသင်းလိုက်ကစားကွက်တွေကို မယှဉ်နိုင်ခဲ့ပါဘူး။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ဘောလုံးပိုင်ဆိုင်မှု၊ တစ်ဦးချင်းစွမ်းရည်နဲ့ အသင်းလိုက်ကစားကွက်တွေကို မယှဉ်နိုင်ခဲ့ဘဲ့ ၂-၀ ဂိုးမရှိနဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။ ဒီရလာဒ်ကြောင့် မြန်မာအသင်းဟာ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကစားမယ့် ဒုတိယအကြိုဗိုလ်လုပွဲမှာ ရုန်းကန်ရတော့မှာပါ။

ဒီနေ့ပွဲစဉ်မှာ မြန်မာအသင်းက အရင်ပွဲတွေအတိုင်းလူအပြောင်းအလဲမလုပ်ဘဲ ပွဲထွက်ခဲ့တာကိုတွေ့ရပါတယ်။ ပွဲချိန်အစပိုင်းမှာတော့ ထိုင်းအသင်းကပဲ မြန်မာအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ ထိုင်းအသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့တာကို တွေ့ရပါတယ်။

play

 

မြန်မာအသင်းနဲ့တွေ့တိုင်း ဂိုးရလေ့ရှိတဲ့ ထိုင်းတိုက်စစ်မှူး တီရာစေးဒန်တာက မြန်မာဂိုးပေါက်ကို အချိန်ပြည့်ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်နှစ်ကြိမ်မှာ တစ်ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ကာ ပွဲချိန် ၁၈ မိနစ်အတွင်း ထိုင်းအသင်းက မြန်မာအသင်းရဲ့ဂိုးပေါက်ကို လေးကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပြီး နှစ်ကြိမ်ဂိုးပေါက်တည့်ခဲ့တာတွေ့ရပါတယ်။

မြန်မာအသင်းနောက်ခံလူတွေဖြစ်တဲ့ ဖြိုးကိုကိုသိန်းနဲ့ ဇော်မင်းထွန်းတို့က ထိုင်းတိုက်စစ်မှူးတွေကို ပိုင်ပိုင်နိုင်နိုင်လူကပ်ကစားနိုင်မှု အားနည်းတာတွေကြောင့် တစ်ဖက်အသင်းအတွက်နေရာလွတ်တွေ အလွယ်တကူရရှိခဲ့ပြီး ပွဲချိန် ၂၃ မိနစ်မှာ တိုက်စစ်မှူး တီရာဆတ်ဒေါင်တာက မြန်မာနောက်ခံလူနှစ်ဦးရဲ့ ကြားကနေ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

play

 

ပွဲချိန် ၃၅ မိနစ်မှာတော့ ကောင်းစည်သူချပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ မောင်မောင်လွင် ပိတ်သွင်းနိုင်ခဲ့ပေမဲ့ စည်းကြပ်ဒိုင်က လူကျွံလောသတ်မှတ်ထားတာကြောင့် မြန်မာအသင်းချေပဂိုးရဖို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းအစမှာလည်း ထိုင်းအသင်းကပဲ မြန်မာအသင်းဘက်ကို ပွဲစတာနဲ့ ဖိအားပေးကစားနိုင်ခဲ့တာတွေ့ရပါတယ်။ မြန်မာအသင်းက ထိုင်းအသင်းကို တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ကစားကွက်ဖော်ဆောင်နိုင်စွမ်းမှာ မယှဉ်နိုင်ခဲ့ဘဲ ပွဲချိန် ၅၄ မိနစ်မှာ ထိုင်းအသင်းကို ဒုတိယဂိုးပေးခဲ့ရပါတယ်။ ဒီဂိုးကလည်း မြန်မာနောက်ခံလူ သုံးဦးကြားကနေ ထိုင်းတိုက်စစ်မှူး တီရာစေးဒန်တာကပဲ ဒုတိယဂိုးသွင်းယူသွားခဲ့တာပါ။

၆၆ မိနစ်မှာတော့ မြန်မာတိုက်စစ်မှူးအောင်သူ ဒေးဗစ်ထန်းချပေးတဲ့ ဘောလုံးကိုဆွဲပြေးပြီး အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးသမားဖမ်းမိသွားလို့ မြန်မာအသင်းနစ်နာခဲ့ရပါတယ်။ပွဲချိန် ၇၀ မှာ မြန်မာအသင်းက သန်းပိုင်က လူစားဝင်ရောက်လာတဲ့ အချိန်မှာ မြန်မာအသင်းက ထိုင်းအသင်းဘက် ပိုမိုဖိအားပေးကစားနိုင်ခဲ့ပေမယ့် ထိုင်းအသင်းနောက်တန်းကို မကျော်နိုင်ခဲ့လို့ အိမ်ကွင်းမှာ ရှုံးပွဲရင်ဆိုင်ခဲ့ရပါတယ်။

Photos : AFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ