Local Sports: အာရှ ယူ-၁၉ ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကိုရှုံးပြီး နောက်ဆုံးအဆင့် တက်ရောက်ခွင့်ဆုံးရှုံး

ကစားကွက်၊ ဘောလုံးပိုင်ဆိုင်မှုနဲ့ တစ်ဦးချင်းကစားအားမှာ ထိုင်းအသင်းကို မယှဉ်နိုင်ခဲ့ပါဘူး။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၁၀၇ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စု(ဂ) ခြေစစ်ပွဲမှာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက အုပ်စုတွင်းအဓိကပြိုင်ဘက် ထိုင်းယူ-၁၉ အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းက ထိုင်းအသင်းထက်ရဂိုးနည်းထားတာကြောင့် ဒီနေ့ပွဲစဉ်ကို အနိုင်ရမှပဲ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်မှာဖြစ်လို့ မြန်မာအမျိုးသမီးအသင်းက ပွဲစတာနဲ့ ထိုင်းအသင်းဘက်ကို ပွဲချိန်မိနစ် ၂၀ လောက်ထိ ဖိအားပေးကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားကွက်၊ ဘောလုံးပိုင်ဆိုင်မှုနဲ့ တစ်ဦးချင်းကစားအားမှာ ထိုင်းအသင်းကို မယှဉ်နိုင်ခဲ့ပါဘူး။

ပထမပိုင်းပွဲချိန်တစ်လျောက်လုံးနီးပါး ထိုင်းအသင်းကပဲ မြန်မာအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ တစ်ခါတလေမှပဲ ထိုးဖောက်ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ပွဲတွေတုန်းကလူစာရင်းအတိုင်း မပြောင်းလဲဘဲပွဲထွက်လာခဲ့တဲ့ မြန်မာအသင်းက နောက်တစ်ဆင့်တက်ဖို့ ဖိအားတွေများနေတာကြောင့် ထိရောက်တဲ့ ပံ့ပိုးမှုတွေမလုပ်နိုင်ခဲ့သလို အမှားများခဲ့ပြီး တိုက်စစ်မှူးတွေ ဂိုးကံခေခဲ့တာတွေကြောင့် နောက်တစ်ဆင့်တက်ဖို့အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ထိုင်းအသင်းက မြန်မာအသင်းဂိုးသမားနဲ့နောက်တန်းလူတွေ နားလည်မှုလွဲတာကနေ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့နောက်ပိုင်းမှာ မြန်မာအသင်းကစားကွက်ပျက်သွားခဲ့ပြီး ထိုင်းအသင်းရဲ့ ဖိအားပေးကစားတာကိုခံခဲ့ရပါတယ်.

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ချေပဂိုးတွေပြန်ရဖို့ ထိုင်းအသင်းဘက်ကို ဖိအားပေးကစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဂိုးကံခေနေတာကြောင့် ဂိုးမရခဲ့ပါဘူး။ မြန်မာအသင်းကွင်းလယ်လူတွေက တိုက်စစ်မှူးတွေအတွက် ဂိုးကန်သွင်းခွင့် ဖန်တီးပေးနိုင်မှု အားနည်းတာကလည်း မြန်မာအသင်းဂိုးရဖို့ အခွင့်အရေးနည်းပါခဲ့ပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ထိုင်းအသင်းကို ဒုတိယဂိုးပေးလိုက်ရပါတယ်။

ပွဲပြီးခါနီးအချိန်တွေ မြန်မာအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေရဖို့ ထိုင်းအသင်းဘက်ကို ဖိအားပေးကစားခဲ့တာကနေ နာကျင်အချိန်ပိုမှာ မြန်မာအသင်းက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် အချိန်မမီတော့လို့ အာရှအဆင့်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို တက်ရောက်ခွင့် လက်လွတ်ခဲ့ရပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ