play
မန္တလေးဘောလုံးအကယ်ဒမီအတွက် သင်တန်းသားများရွေးချယ်နေစဉ်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ ဘောလုံးအကယ်ဒမီ သုံးခုအတွက် နှစ်စဉ် ကျပ်သိန်းခုနစ်ထောင်လောက် သုံးစွဲသွားဖို့ရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

‘‘အခုက ပုသိမ်အကယ်ဒမီကိုလည်း ဧရာဝတီအသင်းထံက လွှဲပြောင်းယူခဲ့တာဆိုတော့ အကယ်ဒမီသုံးခုရှိလာပြီ။ ဒီအကယ်ဒမီ သုံးခုအတွက် စရိတ်က တစ်နှစ်ကို ကျပ်သိန်းခုနစ်ထောင် လောက် သုံးရမယ်။ အဓိကက အရင်တုန်းက ကျွေးခဲ့တဲ့ အစားအသောက်ကို ပြင်ဆင်မှာဆိုတော့ အရင်ကထက် ပိုကုန်နိုင်တယ်’’လို့ ဦးဖုန်းနိုင်ဇော်က ပြောပါတယ်။

ဇွန်လမှာ ဖွင့်လှစ်မယ့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက် ၅၅ မြို့နယ်က ပဏာမကစားသမား ၂၂၉ ဦးကို ရွေးချယ်ပြီး အပြီးသတ်ရွေးချယ်မှုကို မေလ ၂ ရက်နဲ့ ၃ ရက်တို့မှာ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

play

 

ဒီလိုရွေးချယ်ထားတဲ့ ကစားသမားတွေထဲက နောက်ဆုံးအဆင့်ရွေးချယ်ခံခဲ့ရသူတွေရဲ့ စာရင်းကိုလာမယ့် မေလ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

လက်ရှိအချိန်မှာ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက် သင်တန်းသားရွေးချယ်တာတွေ ပြီးစီးပြီသွားပြီး ဖြစ်ပေမယ့် မန္တလေး ဘောလုံးအကယ်ဒမီအတွက် သင်တန်းသားရွေးချယ်တာတွေကို မေလ ၇ ရက်နဲ့ ၈ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တို့မှာ ဘောလုံးအကယ်ဒမီတစ်ခုစီ ဖွင့်လှစ်ထာားပြီး အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)မှာ သင်တန်းသား ၆၀ ထားရှိသွားမှာဖြစ်ကာ မန္တလေးနဲ့ ပုသိမ်အကယ်ဒမီတို့မှာ အကယ်ဒမီတစ်ခုကို သင်တန်းသား ၂၀ ထားရှိသွားမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Win Thu Moe Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video