မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ရုရှားတိုက်ခိုက်ရေးသမား ဘစ်ဒက်ရှ်နဲ့ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်းတို့ရဲ့ ဝမ်းချန်ပီယံရှစ်ထိုးသတ်ပွဲကို ဇွန်လကုန်ကျရင် ရန်ကုန်မှာ ကျင်းပမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ်တို့ နှစ်ဦးဟာ One Champoinship ကြိုးဝိုင်းထဲမှာ တွေ့ခဲ့ကြပြီး အဲဒီတုန်းကတော့ ရုရှားတိုက်ခိုက်ရေးသမား ဘစ်ဒက်ရှ်က အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ဇန်နဝါရီလ ၁၄ ရက်မှာ သူတို့နှစ်ဦး ထိုးသတ်ခဲ့ပြီးနောက် မကျေပွဲအဖြစ် ပြန်လည်ထိုးသတ်ဖို့ သဘောတူညီမှု ရယူထားခဲ့တာဖြစ်တယ်လို့ One Championship ပြိုင်ပွဲရဲ့ စီအီးအိုဖြစ်သူ ချက်သရီက အခုပွဲနဲ့ ပတ်သတ်ပြီး ကြေညာထားပါတယ်။ ကချင်တိုင်းရင်းသားဖြစ်တဲ့ အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ဆုံထိုးသတ်ခဲ့ကြတာဖြစ်ပါတယ်။

play
ဇန်နဝါမှာ တွေ့ခဲ့ကြစဉ်

 

ပရိသတ်တွေလည်း အခု ဇွန်လ ၃၀ ရက်နေ့၊ ရန်ကုန်မှာ ပြုလုပ်မယ့် One Championship ထိုးသတ်ပွဲကို လက်လွှတ်ခံချင်ကြမှာ မဟုတ်ဘူးလို့ စီအီးအို ချက်သရီက ပြောပါတယ်။ ရုရှားတိုက်ခိုက်ရေးသမား ဘစ်ဒက်ရှ်ဟာ ၂၀၁၅ ခုနှစ်မှာ One Champoinship ပြိုင်ပွဲကို စတင်ဝင်ရောက်ထိုးသတ်ခဲ့သူဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို ရယူထားသူဖြစ်ပါတယ်။ ခါးပတ်ကာကွယ်ရမယ့် ဘစ်ဒက်ရှ်က ကိုးပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးသူဖြစ်ပါတယ်။

play
လေ့ကျင့်မှု လုပ်နေတဲ့ အောင်လအန်ဆန်း

 

“ အောင်လအန်ဆန်းက အခက်ခဲဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဖိုက်တာတွေထဲ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အမိမြေမှာ ထိုးသတ်ရမယ့်ပွဲဖြစ်လို့ ဂုဏ်ယူစရာဖြစ်လာမှာပါ။ သူ့မှာ အိမ်ကွင်းအားသာချက်ရှိတာကို ကျွန်တော်မကြောက်ပါဘူး။ တကယ့်ဖိုက်တာအစစ်တွေက ဘယ်နေရာဖြစ်ဖြစ် ထိုးသတ်နိုင်တယ်လေ” လို့ ဒီပွဲမတိုင်ခင်မှာ ဘစ်ဒက်ရှ်က ထုတ်ပြောလိုက်ပါတယ်။

play
ဇန်နဝါရီလတုန်းက အနိုင်ရသူ ဘစ်ဒက်ရှ်

 

အောင်လအန်ဆန်းကတော့ “ နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ သတိထားမိတာက ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံမရခဲ့ဘူးဆိုတာပါပဲ။ ဒီတစ်ခါတော့ ပြင်ဆင်ချိန်ပိုရထားပါတယ်။ ခါးပတ်ကို မြန်မာပြည်အတွက် ယူပေးဖို့ ကျွန်တော်ခွန်အားရှိသမျှ ကြိုးစားမယ်လို့ ကတိပြုပါတယ်” ဆိုပြီး ပြောထားပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က သူတို့နှစ်ဦးတွေ့ဆုံတဲ့ပွဲမှာ သုံးချီမြောက်ကစပြီး ဘစ်ဒက်ရှ်က အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးအချီထိ အောင်လအန်ဆန်းက ခုခံကစားသွားခဲ့တာတွေ့ရပါတယ်။ ပွဲအပြီးမှာ အောင်လအန်ဆန်းက အမှတ်နဲ့ ရှုံးနိမ့်သွားပါတယယ်။ အခုဇွန်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် One Chmapionship ပြိုင်ပွဲကိုတော့ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁) မှာ ကျင်းပမှာဖြစ်ပါတယ်။

Source : One Championship/ ABS-CBN Sports

Photos : One Championship/ Aung La N Sang facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video