ယနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်မှာ မြန်မာအသင်းက အိန္ဒိယအသင်းကို ၂-၂ ဂိုးစီ သရေကစားပြီး နှစ်ပေါင်း ၅၀ ကျော်ဝေးကွာနေတဲ့ အာရှဖလားပြိုင်ပွဲ ၀င်ခွင့် အိပ်မက်ကို ဆက်လက်မက်နေနိုင်ဆဲ ဖြစ်ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ အနိမ့်ဆုံး သရေရလဒ်ရရှိဖို့ လိုအပ်နေပေမယ့်လည်း အိန္ဒိယအသင်းကိုပွဲစတယ်ဆိုတာနဲ့ တိုက်စစ်ဆင်ခဲ့ပြီး ရန်နိုင်ဦးက ပွဲချိန် ၁ မိနစ်မပြည့်ခင်မှာပဲ ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ကျော်ကိုကို ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ အပိုင် ကန်သွင်းရာ အသုံးမချနိုင်လို့ ဒုတိယဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

အိန္ဒိယအသင်းအတွက် ချေပဂိုးကိုတော့ ပင်နယ်တီကတဆင့် ပြန်သွင်းပေးခဲ့ပြီး ကျော်ကိုကိုက ၁၉ မိနစ်မှာ အဝေးကန်ချက်နဲ့ ပြန်ရယူပေးနိုင် ခဲ့လို့ ပထမပိုင်းအပြီးမှာတော့ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ပါတယ်။

ပထမပိုင်းမှာ ဒဏ်ရာရခဲ့တဲ့ ဘယ်နောက်ခံလူ သိန်းသန်းဝင်းနေရာမှာ သက်နိုင်ကိုလည်းကောင်း၊ကျော်ကိုကိုနေရာမှာ တင်ဝင်းအောင်ကို လည်းကောင်း ဒုတိယပိုင်းမှာ လူစားလဲခဲ့ပါတယ်။

အိန္ဒိယအသင်းအနေနဲ့ ဒုတိယချေပဂိုးကို ပြန်သွင်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ သိက္ခာဆယ် တစ်မှတ်ပြန်လည်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယအသင်းအနေနဲ့ မြန်မာနဲ့ ပွဲမတိုင်ခင်မှာပင် အာရှဖလားခြေစစ်ပွဲအောင်မြင်နေပြီဖြစ်တာကြောင့် ယနေ့ပွဲစဉ်ကို သိက္ခာပိုင်းအတွက်သာ ကစားခဲ့ပေမယ့် မြန်မာအသင်းကတော့ အနိမ့်ဆုံးသရေ ရလဒ်ရရှိထားဖို့ လိုအပ်ပြီး ရှုံးနိမ့်လို့ မရခဲ့တာလည်း ဖြစ်ပါတယ်။

အုပ်စုတွင်းရပ်တည်မှုအရ လက်ရှိမှာ အိန္ဒိယအသင်းက ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ပထမနေရာမှာလည်းကောင်း ကာဂျစ်အသင်းက ရမှတ် ၇ မှတ်နဲ့ ဒုတိယနေရာမှာလည်းကောင်း၊မြန်မာအသင်းက ရမှတ် ၅ မှတ်နဲ့ တတိယနေရာမှာလည်းကောင်း၊မကာအိုအသင်းက ရမှတ် မရရှိပဲ စတုတ္ထနေရာမှာလည်းကောင်း ရပ်တည်နေပါတယ်။

ခြေစစ်ပွဲအောင်မြင်ဖို့အတွက် မြန်မာနဲ့ ကာဂျစ်တို့ အပြိုင်အခွင့်အရေး ရှိနေပြီး လက်ကျန် ၂ ပွဲအလိုတွင် မြန်မာအသင်းမှာ မကာအိုအသင်းနဲ့ ကစားဖို့ ကျန်နေသလို ကာဂျစ်အသင်းနဲ့လည်း ပွဲပျက်ခဲ့တဲ့ ပွဲကို ပြန်ကစားဖို့ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အာရှဘောလုံးအဖွဲ့ချုပ်က  ဆုံးဖြတ်ပေးမယ်လို့ သိထားရပါတယ်။

လက်ရှိမှာတော့ ရမှတ် ၅ မှတ်ရရှိထားတာကြောင့် အာရှဖလား ခြေစစ်ပွဲအောင်မြင်ဖို့အတွက် အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားနိုင်ဆဲ လည်း ဖြစ်ပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video