မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မျိုးဆက်သစ်လူငယ်ကစားသမားများပေါ်ထွက်လာစေရေး ရည်ရွယ်ချက်နဲ့ အခြေခံဘောလုံးပညာများကို ကလေးငယ်များကို သင်ကြားပြသပေးမယ့် လူငယ်ဘောလုံးပွဲတော် MFF Grassroots Football Festival 2017 Bago ကို ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်အချိန်က ပဲခူးမြို့ Grand Royal Stadium (ဟံသာဝတီယူနိုက်တက်အိမ်ကွင်း) မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကလေးငယ် ၃၀၀ ဦးနဲ့ နည်းပြဆရာ (၅၀) ဦးတို့ ပါဝင်ဆင်နွဲခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားအဖွင့်အမှာစကားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက လူငယ်ဘောလုံးပွဲတော်များ ကျင်းပရခြင်းအကြောင်းရင်းနဲ့ ပါဝင်ဆောင်ရွက်ပေးသည့်လူများကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
MFF Grassroots Football Festival 2017 Bago ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ရွှေခေတ်လက်ရွေးစင်ကစားသမားဟောင်း ဦးတင်အောင် (ဂိုး)နဲ့ ပဲခူးတိုင်းလက်ရွေးစင်ဟောင်း ဦးရဲညွန့်၊ မြန်မာ့လက်ရွေးစင်နှင့် ပဲခူးတိုင်းလက်ရွေးစင်ဟောင်း ဦးဟန်လင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သစ်တောဝန်ကြီး ဦးကျော်မင်းစံ၊ ပဲခူးတိုင်းအား/ကာ ညွန်ကြားရေးမှူး ဦးစိုးနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကလေးလူငယ်များကို အခြေခံဘောလုံးပညာများကို သင်တန်းဆရာ၊ဆရာမများမှ ပြသပေးခဲ့ပြီး နေ့လည် ၁၁နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါတယ်။
Source & Photos: MFF