တစ်ချိန်က အဆင့်မြင့်တန်းပြိုင်ပွဲများတွင် ချန်ပီယံအကြိမ်ကြိမ် ရရှိအောင်မြင်ခဲ့ဖူးတဲ့ ဘဏ္ဍာအခွန်အက်ဖ်စီအသင်းသည် လာမယ့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် Planning & Finance FC အသင်းအမည်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမယ် လို့ မြန်မာနေရှင်နယ်လိဂ် ကော်မတီက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

play

ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ကိုယ်စားပြု Finance & Revenue FC ယခု Planning & Finance FC အသင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ် ၂ တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန် ဒီဇင်ဘာ ၂၁ ရက်နေ့က တရားဝင်တင်ပြစာဖြင့် ပေးပို့တင်ပြခဲ့ရာ မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ အတည်ပြုခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂၆ ရက်တွင် ကျင်းပရန်လျာထားပြီး ယခင်ပြိုင်ပွဲဝင်အသင်းများဖြစ်တဲ့ ဒဂုံအက်ဖ်စီ၊ မောရ၀တီ၊ စီးတီးစတား၊ ငွေကြယ်ပွင့်လေးများ၊ ယူနီဗာစတီ၊ ဖုန်ဂန်အသင်းများအပြင် အသင်းသစ်ဖြစ်တဲ့ ယခု Planning & Finance FC အပါအ၀င် စုစုပေါင်း ပြိုင်ပွဲဝင် ၇ သင်းရှိနေပြီလည်း ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနဲ့ မြန်မာနေရှင်နယ်လိဂ်(၂) ပြိုင်ပွဲကို မနှစ်က အသင်းဝင် (၈)သင်းဖြင့် ကျင်းပခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာ လည်း အသင်းဝင်(၈)သင်းဖြင့်ဆက်လက်ကျင်းပနိုင်ရေးအတွက် နောက်ထပ် အသင်းသစ်တစ်သင်း ထပ်မံပေါ်ထွက်လာရေး ဆက်လက် ကြိုး စားသွားမယ်လို့လည်းသိရပါတယ်။

မြန်မာနေရှင်နယ်လိဂ်(၂)ရဲ့ ပြိုင်ပွဲ ပွဲစဉ်ဇယားအသေးစိတ်ကိုမူ မကြာမီရက်ပိုင်းအတွင်း အတိအကျ ထုတ်ပြန်ပေးသွားမယ်လို့လည်းသိရပါတယ်။

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video