AD
AD
AD

လစ်လပ်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ဖို့ ရောက်ရှိလာတဲ့ ဂျာမနီ လူမျိုး နည်းပြ အန်တိုနီဟေးနဲ့ အဖွဲ့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။

နည်းပြချုပ်အဖြစ် တာဝန်ယူမယ့် အန်တိုနီဟေးနဲ့အတူ လက်ထောက်နည်းပြ တစ်ဦးနဲ့ ဂိုးနည်းပြတစ်ဦးတို့လည်း ပါဝင်လာခဲ့ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ရေး လက်ကျန် အသေးစိတ်အချက်အလက်များကို ဆက်လက် ညှိုနှိုင်းနေတယ်လို့လည်းသိရပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ယခုလို လာရောက်ညှိုနှိုင်းမှုများ ပြုလုပ်ပေးတဲ့အတွ့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဘောလုံးအားကစားသည် မြန်မာတို့အတွက် အကြိုက်နှစ်သက်ဆုံး အားကစားနည်း တစ်မျိုးဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူရမည့် သူတစ်ယောက်အနေဖြင့် ပန်းခင်းသည့်လမ်းမျိုး မဟုတ်ဘဲ အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်ရနိုင်သည်ကို ကြိုတင်မျှော်လင့်ထားရန် အထူးလိုအပ်ကြောင်း မှာကြားခဲ့ပြီး မြန်မာ့ဘောလုံးလောကရဲ့ ပကတိအမှန်တရားများကို ဖွင့်ဟ ပြောခဲ့ပါတော့ တယ်။

play

 

"မြန်မာ ဘောလုံးသမားတွေရဲ့ အစားအသောက်၊ အနေအထိုင်၊ အကျင့်အကြံတွေ နိုင်ငံတကာက ဘောလုံးသမားတွေလို မဟုတ်ဘူးဆိုတာ ကြိုသိထားဖို့လိုပါတယ်။ ကစားသမားတွေက ပရော်ဖက်ရှင်နယ် စိတ်ဓာတ်အားနည်းနေသေးတာ၊ စည်းကမ်းပိုင်း အားနည်းတာတွေ ရှိနေတဲ့အပြင် ပြိုင်ပွဲယှဉ်ပြိုင်ချိန် ကာလအတွင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နည်းပြတွေအနေနဲ့ အရက်သေစာ သောက်စားမှုမျိုး တွေတောင် ရှိခဲ့ဖူးပါတယ်။ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့တော့ နည်းပြ၊ အုပ်ချုပ်အဖွဲ့ဟာ နည်းစနစ်ပိုင်းတင် မကဘဲ ကစားသမားတွေရဲ့ စည်းကမ်းပိုင်း၊ ကြိုးစားအားထုတ်မှုပိုင်း အစစ အရာရာကို တာဝန်ယူ ကိုင်တွယ်တတ်စေချင်ပါတယ်။ ကစားသမားတွေ အတွက် စံနမူနာပြ ပုဂ္ဂိုလ်တွေအဖြစ် မြင်လိုပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း ထင်ပေါ်လိုမှုတွေ ဖျောက်ပြီး နည်းပြသင်ကြားထားတဲ့ နည်းစနစ်အတိုင်း အသင်းစိတ်ဓာတ် အပြည့်၊ နိုင်ငံချစ်စိတ် အပြည့်နဲ့ ယှဉ်ပြိုင် ကစားတတ်တဲ့ လက်ရွေးစင်အသင်းမျိုး ဖြစ်စေချင်ပါတယ်။ နည်းပြသစ်ဖြစ်လာတော့မယ် ဆိုရင် ဒါတွေကို အချိန်ယူပြီး ပြုပြင်ပေးရမှာပါ။ ကျွန်တော်တို့ အလုပ်အတူတူ လုပ်ကြမယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေလို အကောင်းဆုံးတွေ မပံ့ပိုးပေးနိုင်သည့်တိုင် အခက်အခဲတွေ ကြားကပဲ စွမ်းသမျှ အကောင်းဆုံး ပံ့ပိုးပေးသွားပါမယ်။ နည်းပြတွေ အနေနဲ့လည်း ဒီနိုင်ငံရဲ့ အနေအထားမှန်ကို လေ့လာသုံးသပ်ပြီး အပြောင်းအလဲတစ်ရပ် လုပ်ဆောင် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဦးဇော်ဇော်က ပြောခဲ့ပါတယ်။

မြန်မာ့ဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့ ပကတိ အမှန်တရားတွေကို ချပြခဲ့အပြီးမှာတော့ ၂၀၁၅ ခုနှစ်တုန်းက မြန်မာကို ကမ္ဘာက သိစေခဲ့ တယ်လို့ ယူဆရမယ့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအကြောင်းကိုလည်း ဆက်လက် ရင်ဖွင့်ခဲ့ပြန်ပါတယ်။

"၂၀၁၅တုန်းက မြန်မာယူ-၂၀ အသင်း ကမ္ဘာ့ဖလား ဝင်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဘောလုံး အကယ်ဒမီအပါအဝင် လူငယ်စီမံကိန်းတွေ၊ ကလပ်အသင်းတွေရဲ့ ပူးပေါင်းပါဝင် ကြိုးပမ်းမှုတွေကြောင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ခဲ့ပေမယ့် အဲ့ဒီတုန်းက ကစားသမားတွေထဲက အနည်းငယ်သာ ဒီကနေ့ လက်ရွေးစင် အသင်းမှာ ဒေါင်ဒေါင်မြည် ခြေစွမ်းပြနိုင်တာမို့ ပြန်တွေးကြည့်မယ်ဆို တကယ့်ကို စိတ်ပျက်ဖွယ်ရာပါ။ ကစားသမားတွေ အနေနဲ့သာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ပီသစွာ နေထိုင်ကျင့်ကြံ တတ်ကြမယ်ဆိုရင် အောင်မြင်မှုဆိုတာ မဝေးလှပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက် ပျော်ရွှင်မှုကို ဖန်တီးပေးချင်ပါတယ်။ ပရိသတ်တွေက ဘယ်လောက်ပဲ ရှုံးရှုံး မြန်မာအသင်း ကန်ပြီဟေ့ဆိုတာနဲ့ အားပေးတဲ့သူတွေပါ။ အားပေးတိုင်းလိုလို ရှုံးနိမ့်နေရတဲ့ အခါကျတော့ နာကျင်စရာ သင်ခန်းစာတွေပဲ ထပ်ခါထပ်ခါ ရနေသလို ဖြစ်နေပါတယ်။ နည်းပြသစ်တွေ အနေနဲ့ ကစားသမားတွေရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်ကို မပြောင်းလဲနိုင်ဘူး ဆိုရင် ဘယ်လို အောင်မြင်မှုမျိုးကိုမှ ရမယ်မထင်ပါဘူး။ နည်းစနစ်တွေ၊ နည်းဗျူဟာတွေထက် ပိုတဲ့ အလုပ်မျိုးကို လုပ်ရမှာပါ" လို့လည်း အားမလို အားမရ ဖြစ်ခဲ့ရတဲ့အကြောင်းကို ရှင်းလင်းပြောခဲ့ပြန်ပါတယ်။

လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်အသင်းအတွက် အနီးကပ်ဆုံးပြိုင်ပွဲအဖြစ် ၂၀၁၈ ခုနှစ်အတွင်း အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲက စောင့်ကြို နေပြီး အန်တိုနီဟေးအတွက် ပထမဆုံး ရင်ဆိုင်ရမယ့် အရာအဖြစ် ရှိနေပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ရင်ဖွင့် စကားများကို နားထောင်အပြီးမှာတော့ -""မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့ အခုလို နွေးနွေးထွေးထွေး ကြိုဆိုဧည့်ခံပေးတဲ့အပေါ် အထူးပဲ ကျေးဇူးပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာ့ဘောလုံး လောကနဲ့ ပတ်သက်ပြီး မထိန်မချန် ပွင့်ပွင့်လင်းလင်း ချပြပြီး သတိပေးစကား ပြောကြားခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အခြေအနေမှန်ကို ကျွန်တော်တို့ သိနားလည်ဖို့ တကယ့်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အာဖရိက နိုင်ငံတွေမှာလည်း အလားတူ ပြဿနာမျိုးတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ အကောင်းဘက်က ရှုမြင်သုံးသပ်ပြီး မြန်မာ့ဘောလုံးအသင်းအတွက် မှန်ကန်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း အဆင်သင့် ရှိနေပါတယ်" လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ကာဂျစ်အသင်းကို ရှုံးနိမ့်ပြီး ၂၀၁၉ အာရှဖလား ခြေစစ်ပွဲမအောင်မြင်ခဲ့ပြီးနောက် အသင်းရဲ့ နည်းပြချုပ် ဂျာ မနီလူမျိုး ဂတ်ဆီဇီကို ထုတ်ပယ်ခဲ့ပြီးနောက် ယခုလို ဂျာမနီလူမျိုး နည်းပြတစ်ဦးကိုပင် ပြန်လည် ခန့်အပ်နိုင်ရေး ဆောင်ရွက်နေတာလည်း ဖြစ် ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အစောဆုံးပွဲစဉ်အဖြစ် လာမယ့် မေလ ၁၁ ရက်နေ့မှာာ လိဒ်ယူနိုက်တက်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစား သွားဖို့ ရှိနေပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD