မနက်ဖြန်မှာ ကစားမယ့် အင်ဒိုနီးရှားကလပ် ဘာလီအသင်းနဲ့ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ မနက်ဖြန်ကစားမယ့်ပွဲမှာ အနိမ့်ဆုံး သရေတစ်မှတ်ရရုံနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် လည်း ရန်ကုန်ယူနိုက်တက်အသင်းကတော့ အနိုင်အတွက်သာ ကစားသွားမယ်လို့ နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် အသင်းမှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ တောင်ပံ ကစားသမား ကြည်လင်းမှာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာ လာခဲ့ပြီဖြစ်ပြီး အသင်းနဲ့အတူပွဲကစားနေပြီဖြစ်ကာ လက်ရွေးစင်အသင်းမှာလည်း ပြန်လည်အရွေးချယ်ခံထားရပြီ ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းကို ကစားသမားများစွာ စေလွှတ်ထားရတာနဲ့ ပတ်သက်ပြီးတော့ -" ကျွန်တော့် အမြင်ပြောရရင် တချို့ ကစားသမားတွေ လက်ရွေးစင်အသင်းကို သွားကစားပြီး ပြန်လာရင် ခြေစွမ်း ဦးပြန်မော့လာတာကို တွေ့ ရပေမယ့် တချို့ကစားသမားတွေ လက်ရွေးစင် အသင်းသွားကစားရင် ခြေစွမ်းပိုင် လျော့ကျသွားတတ်တာလည်း မြင်ရပါတယ်။ ဒီလို ခြေစွမ်း ပိုင်း ကျဆင်းသွားတတ်တဲ့ အနေအထားက ကစားသမားတွေရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ပဲ ဆိုင်မလား လက်ရွေးစင်အသင်းရဲ့ ထိန်းချုပ်မှုနဲ့ပဲ ဆိုင်မ လားဆိုတာတော့ နားလည်ရခက်ပါတယ်။" လို့ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောခဲ့ပါတယ်။
ယခုနှစ်မှာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲသွားကစားတဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား ၈ ဦးအ ထိ ပါဝင်ခဲ့ပြီး အချို့ ပွဲမကစားရတဲ့ ကစားသမားများရဲ့ သက်လုံဟာ zero နားကိုတောင်ကပ်နေပြီဖြစ်ပြီး အဆိုပါ ကစားသမားတွေထဲမှာတော့ တောင်ပံ ကစားသမား ကြည်လင်းလည်း ပါဝင်ပါတယ်လို့ ဦးမျိုးမင်းထွန်းက ဆက်လက်ပြောခဲ့ပါသေးတယ်။
မနက်ဖြန်ကစားမယ့် AFC CUP အုပ်စုပွဲစဉ် ၅ မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ လူငယ်ကစားသမားအများစုကို ပွဲထုတ်အသုံးပြု သွားမယ်လို့လည်း သိရပြီး ပြိုင်ပွဲကိုတော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအချိန်မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ကျင်းပသွားမှာ ဖြစ်ပါ တယ်။