Local: ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး မြန်မာအသင်း ဗိုလ်လုပွဲကိုနှုတ်ဆက်

play

 

မန္တလေးမြို့မှာ ကျင်းပနေတဲ့ ၂၁၀၆ အာဆီယံအမျိုးသမီးချန်ယံရှစ် ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်မြန်မာအသင်းက ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ဒီနေ့ပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းကို ဗီယက်နမ်အသင်းက ဖိအားပေးကစားနိုင်ခဲ့တာကိုတွေ့ရပြီး မြန်မာအအမျိုးသမီးက ထိရောက်သေချာတဲ့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့တဲ့အပြင် မြန်မာအသင်းရဲ့တိုက်စစ်ဆင်ထိုးဖောက်မှုတွေကို အဆင့်ဆင့်ပိတ်ဆို့ တားဆီးနိုင်ခဲ့တာကိုတွေ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ ဂိုးဘားတန်းထိပြီး ပြန်ကန်ထွက်လာတဲ့ဘောလုံးကို ငုယင်နူက အပိုင်ပိတ်သွင်းယူနိုင်ခဲ့လို့ ဗီယက်နမ်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာလည်း ငုယင်သီသူယက်က ထောင့်ကန်ဘောက နေတဆင့် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းနည်းပြ ရော်ဂျာရိုင်နာက နည်းဗျူဟာအပြောင်းအလဲတွေပြုလုပ်ခဲ့တာကြောင့် ဗီယက်နမ်အသင်းဘက်ကို ဖိအားပေးကစားနိုင်တာကိုတွေ့ရပြီး ပထမပိုင်းထက် အရှိန်မြှင့်ကစားခဲ့တာကြောင့် ပွဲချိန် ၅၈ မိနစ်မှာ ကွင်းလယ်ကစားသမား ၀င်းင်္သဂီထွန်းက ထောင့်ကန်ဘောကနေတဆင့် သပ်သပ်ရပ်ရပ်ခေါင်းတိုက်သွင်းယူပြီး  ပထမချေပဂိုးသွင်းပေးခဲ့ပါတယ်။

play

 

မြန်မာအသင်းကပဲ ဆက်တိုက်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ရာမှာ ပွဲချိန် ၇၅ မိနစ်မှာ လူစားဝင်လာတဲ့ကစားသမားမေသူကျော်က ဒုတိယချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၉၀ မှာ ဗီယက်နမ်အသင်းနောက်ခံလူ ဂိုးဧရိယာထဲမှာ လက်ထိလို့ ရခဲ့တဲ့ ပင်နယ်တီကို ၀င်းင်္သဂီထွန်းက အမှားအယွင်းမရှိကန်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် မြန်မာကစားသမားရီရီဦး နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရလို့ မြန်မာအသင်း တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပိုလေးမိနစ်မှာ ဗီယက်နမ်တိုက်စစ်မှူးကို မြန်မာဂိုးသမား မြဖူးငုံ ဂိုးဧရိယာထဲမှာ ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီပြန်ပေးခဲ့ရလို့ ပွဲအပြီးမှာ တစ်ဖက် သုံးဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ အချိန်ပို မိနစ်သုံးဆယ် ဆက်ကစားခဲ့ရာမှာ ဂိုးမသွင်းနိုင်တော့လို့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းခဲ့ရာမှာ ဗီယက်နမ်အသင်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

မြန်မာအသင်းကတော့ လာမယ့် သြဂုတ်လ ၄ ရက်နေ့ မှာ သြစတြေးလျအသင်းနဲ့ တတိယလုပွဲကစားရမှာဖြစ်ပါတယ်။

Photos :MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ