Local: ဆူဇူကီးဖလားအုပ်စုတက်ဖို့ အခွင့်အရေးရှိတယ်လို့ မြန်မာနည်းပြချုပ် ပြောကြား

အုပ်စုအဆင့်ကျော်နိုင်အောင် မလေးရှားအသင်းကို အနိုင်ကစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းက ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ)မှာ ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပေမယ့် အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေတယ်လို့ မြန်မာအသင်းနည်းပြချုပ် ဂတ်ဇီဖရိုင်းဒရစ်က ပြောလိုက်ပါတယ်။

“ဒီအုပ်စုဟာ ကျွန်တော်တို့ အတွက်တော့ တစ်ကယ့်စိန်ခေါ်မှုပါပဲ။ အုပ်စုတွင်းက အသင်းတွေက အသင်းကောင်းတွေပါ။ ပြိုင်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ အတွက် သုံးလထိ လေ့ကျင့်ချိန် ရပါတယ်။ ဒီသုံးလအတွင်းမှာ ဥရောပကို ခြောက်ပတ်ကြာ သွားလေ့ကျင့် ဦးမှာပါ။ ကျွန်တော်တို့မှာ ဆီမီးဖိုင်နယ်ကို တက်ရောက် နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်”လို့ နည်းပြ ဂတ်ဇီက ပြောပါတယ်။

play

 

အုပ်စုထဲမှာ ဆီမီးတက်ဖို့ ရေပန်းအစားဆုံးအသင်းက ဗီယက်နမ်ဖြစ်ပြီး အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ မလေးရှားအသင်းကလည်း ကစားရခက်တဲ့ အသင်းဖြစ်လို့  မိမိတို့အနေနဲ့ အုပ်စုအဆင့်ကျော်နိုင်အောင် မလေးရှားအသင်းကို အနိုင်ကစားဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းကို အနားပေးထားပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေ ပြီးဆုံးချိန် သြဂုတ် (၂၃)ကနေစပြီး စခန်းသွင်း လေ့ကျင့်မှုတွေပြန်လုပ်သွားမှာဖြစ်ပြီး  စက်တင်ဘာ ၁၁ မှာ ဥရောပနိုင်ငံတွေကို သွားရောက်လေ့ကျင့်မယ်လို့ သိရပါတယ်။

ဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းက ဗီယက်နမ်အသင်းနဲ့ နိုဝင်ဘာ ၂၀ မှာ အုပ်စုအဖွင့်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ