Local: ရန်ကုန်ယူနိုက်တက်ကို အနိုင်ယူပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရယူနိုင်ခဲ့တဲ့ မကွေးအက်ဖ်စီ

မကွေးအသင်းအတွက် ပထမဆုံးဆုဖလား ရရှိခဲ့တာပါ။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ ကြီးမှူးကျင်းခဲ့တဲ့ ၂၁၀၆ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နောက်ဆုံးဗိုလ်လုပွဲမှာ မကွေးအက်ဖ်စီအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အောင်ဆန်းအားကစားပြိုင်ဝင်းမှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းက အမှားအယွင်းများခဲ့ပြီး ဒုတိယပိုင်းမှာ မကွေးအသင်းရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရလို့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို လက်လွတ်ခဲ့ရတာပါ။

 

ဒီနေ့ပွဲစဉ်မှာ ရန်ကုန်ယူနိုင်တက်အသင်းက ပွဲကိုဦးဆောင်ကစားနိုင်ခဲ့ပြီး ပထမပိုင်း ၃၉ မိနစ်မှာ ဇော်မင်းထွန်းရဲ့ သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုငှ်းရန်ကုန်ယူနိုက်တက်အသင်းက နောက်ထပ်အနိုင်ဂိုးတွေရရှိဖို့ ကြိုးစားကစားခဲ့ပေမယ့် အဆုံးသတ်မသေချာခဲ့တာကြောင့် ဂိုးထပ်မရတော့ပဲ ပွဲချိန် ၆၈ မိနစ်မှာ မကွေးအသင်းက မိုက်ကယ်က ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကစားပုံပျက်သွားပြီး ပွဲချိန် ၇၃ မိနစ်မှာလည်း ရန်ကုန်နောက်ခံလူ ခင်မောင်လွင်က ကိုယ့်ဂိုးကို သွင်းယူမိခဲ့လို့ မကွေးအသင်းကို ဒုတိယဂုံးပေးခဲ့ရပါတယ်။

 

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ ဖိအားများသွားတဲ့ ရန်ကုန်အသင်းက ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မကွေးနောက်ခံလူတွေ ပိတ်ဆို့ကစားခဲ့လို့ ပွဲအပြီးမှာ မကွေးအက်ဖ်စီအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ရရှိခဲ့တာက မကွေးအသင်းအတွက် မြန်မာလိဂ်စတင်ကတည်းက ပထမဆုံးဆုဖလားဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး မကွေးအသင်းရဲ့နည်းပြချုပ် ဦးကြည်လွင်က မကွေးတိုင်းနဲ့ ဗိုလ်ချုပ်ပက်သက်နေလို့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို လိုချင်တယ်လို့လည်းပြောခဲ့ပါတယ်။

Photos : Myat Thiha Maung ( 7DayTV)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ