Local: မိသားစုတစ်ခုလို ညီညွတ်တဲ့ အသင်းဖြစ်ဖို့ တည်ဆောက်ခဲ့တယ်လို့ မြန်မာနည်းပြချုပ်ပြော

ကစားသမားနှစ်ဦးလျှော့ချအပြီးမှာ အခုလိုပြောခဲ့တာပါ။

play
ဂျာမနီနိုင်ငံတွင် အသင်းနှင့်အတူတွေ့ရသည့် မြန်မာအသင်းနည်းပြချုပ်။

 

ဂျာမနီနိုင်ငံမှာ ဆူဇူကီးဖလားပြိုင်ပွဲအကြို ခြေစမ်းပွဲနဲ့လေ့ကျင့်ရေးတွေပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဇီ ဖရိုင်းဒရစ်က မြန်မာ့လက်ရွေးစင်အသင်းကို မိသားစုလို စည်းလုံးညီညွတ်တဲ့ အသင်းဖြစ်ဖို့ အဓိကတည်ဆောက်ထားတယ်လို့ ဒီနေ့မွန်းလွဲပိုင်းမှာ ပြောကြားခဲ့ပါတယ်။

"မြန်မာ့လက်ရွေးစင် အသင်းဟာအသင်းလိုက် ကစားအားကောင်းပြီး စုစည်းညီညွတ်တဲ့ အသင်းဖြစ်ဖို့ အဓိကကျပါတယ်။ မိသားစု တစ်ခုလို စည်းစည်းလုံးလုံးရှိ နေရပါမယ်။ မိသားစု နှစ်ခြမ်းကွဲနေသလို ဖြစ်လို့ မရပါဘူး။ ပြောမယ်ဆို အများကြီး ပြောပြနိုင်တာပေါ့။ အသင်းလိုက် စုစည်းမှုကောင်းအောင်၊ အသင်းလိုက် ကစားအားကောင်းအောင် ပြင်ဆင်နေတဲ့ အချိန်မှာ ဘာမှမပြောချင်သေးပါဘူး"လို့ ဂတ်ဇီဖရိုင်းဒရစ်က ကစားသမားနှစ်ဦးလျော့ချပြီးတဲ့ အချိန်မှာ ပြောခဲ့ပါတယ်။

play

 

ဒါ့အပြင် ကစားသမားနှစ်ဦးကို လျှော့ချခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥရောပခရီးစဉ်အပြန်မှာမေးနိုင်တယ်လို့ ဂတ်ဇီ ဖရိုင်းဒရစ်ကပြောခဲ့ပြီး နည်းပြချုပ် တစ်ယောက်အနေနဲ့ နည်းစနစ်ပိုင်းအရရော အသင်းရဲ့ ရှေ့ရေးအတွက်ပါ စဉ်းစားပြီးမှ ဆုံးဖြတ်တာလို့ ပြောခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက လက်ရှိအချိန်မှာ ခြေစမ်းပွဲ လေးပွဲ ကစားအပြီးမှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ တစ်ပွဲ အနိုင်ရထားပြီး ဒီနေ့ညနေမှာတော့ ဘယ်လ်ဂျီယံ ကလပ် Patro Eisden အသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ