၂၀၀၈ ယူအက်စ်အိုးပင်းမှာ တိုက်ဂါးဝုဒ် ယှဉ်ပြိုင်မှု


နာမည်ကြီး ဂေါက်သီးရိုက်ကစားသမား တိုက်ဂါးဝုဒ်ဟာ ဖလော်ရီဒါမှာ အရက်သောက်ပြီး ကားမောင်းမှုဖြင့် တနင်္လာနေ့ (မေလ ၂၉ ရက်) မနက်အစောပိုင်းက အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ဂါးဝုဒ်ကို နာရီအနည်းငယ်ကြာ ဖမ်းဆီးထားခဲ့ပြီးနောက် ပြန်လွှတ်လိုက်ကြောင်း Palm Beach County ရဲတပ်ဖွဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒေသခံ သတင်းတွေကတော့ တိုက်ဂါးဝုဒ်ကို ဒေသစံတော်ချိန် မနက် ၃ နာရီမှာ ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။ အသက် ၄၁ နှစ်အရွယ် ယခင် ကမ္ဘာ့နံပါတစ် ဂေါက်သီးရိုက်ကစားသမား တိုက်ဂါးဝုဒ်ဟာ နောက်ကျောဒဏ်ရာမှ ပြန်လည် သက်သာလာပြီလို့ ၎င်းရဲ့ ကျန်းမာရေးအကြောင်း အွန်လိုင်းမှာ မေလ ၂၄ ရက်က ရေးသားထားခဲ့ပါတယ်။

play


နှစ်နဲ့ချီပြီး ခံစားနေခဲ့ရတဲ့ နာကျင်မှုဟာ ခွဲစိတ်ကုသပြီးနောက် ပျောက်ကင်းသက်သာသွားခဲ့တယ်လို့ တိုက်ဂါးဝုဒ်က ဆိုပါတယ်။ ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ ပြန်လည် ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိပေမဲ့ ၎င်းအနေနဲ့ အစောတလျင် ပြန်ကစားမှာ မဟုတ်ဘူးလို့လည်း တိုက်ဂါးဝုဒ်က ပြောထားပါတယ်။

"ကျွန်တော် ဂေါက်သီးပြန်ရိုက်ချင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ မဟုတ်သေးပါဘူး၊ နောက်ထပ် ၂ လခွဲကနေ ၃ လလောက်အထိ ကျွန်တော့်ခါးကိုလှည့်နိုင်မှာ မဟုတ်သေးဘူး၊ ကျွန်တော် အဓိက အာရုံစိုက်ထားတာက ဒဏ်ရာအပြည့်အဝ ပြန်ကောင်းဖို့နဲ့ ဆရာဝန်တွေ မှာထားတဲ့အတိုင်း လိုက်နာဖို့ပါပဲ၊ လောလောဆယ် ဒီအချိန်ကာလကိုပဲ အာရုံစိုက်ထားပါတယ်" လို့ တိုက်ဂါးဝုဒ်က ဆိုပါတယ်။

အရက်မူးပြီး ကားမောင်းမှုဖြင့် အဖမ်းခံရတဲ့ တိုက်ဂါးဝုဒ်


အဓိက ဂေါက်သီးရိုက်ပြိုင်ပွဲကြီးတွေမှာ ၁၄ ကြိမ် ချန်ပီယံဆု ရရှိထားတဲ့ အမေရိကန် ဂေါက်သီးရိုက်ကစားသမား တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာကြောင့် ၁၅ လကြာ ဂေါက်သီးမရိုက်နိုင်ခဲ့ပဲ ယမန်နှစ် ဒီဇင်ဘာလမှာ ဒဏ်ရာပြန်ကောင်းလာခဲ့ပါတယ်။ သို့သော် ယခုနှစ် ဖေဖေါ်ဝါရီလမှာ ၎င်းရဲ့ နောက်ကျောဒဏ်ရာ ပြန်ဖြစ်ခဲ့စဉ်ကတည်းက ဂေါက်သီးမရိုက်နိုင်တော့တာ ဖြစ်ပါတယ်။

play


တိုက်ဂါးဝုဒ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ နိုင်ပွဲမရခဲ့ဘဲ ၂၀၀၈ ခုနှစ် ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်ခဲ့ပြီးနောက်ပိုင်း ဆုဖလားရယူနိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရပါတယ်။

UPDATE: နောက်ဆက်တွဲ သတင်းများအရ ၎င်း အဖမ်းခံရမှုဟာ အရက်ကြောင့် မဟုတ်ဘဲ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါး မမျှော်လင့်ဘဲ ဓာတ်မတည့်ဖြစ်မှုကြောင့်လို့ တိုက်ဂါးဝုဒ်က ပြောခဲ့ကြောင်း သိရပါတယ်။ သို့သော် ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ တိုက်ဂါးဝုဒ်ဟာ အဖမ်းခံရချိန်မှာ ၎င်းရဲ့ မာစီဒီးကား စတီယာရင်ပေါ်မှာ ကားစက်နှိုးထားပြီး အိပ်ပျော်နေတယ်လို့ ဆိုပါတယ်။

တိုက်ဂါးဝုဒ်ရဲ့ ချန်ပီယံဆုများ

  • Master Tornament - ချန်ပီယံဆု ၄ ကြိမ် (၁၉၉၇၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၅)
  • U.S. Open - ချန်ပီယံဆု ၃ ကြိမ် (၂၀၀၀၊ ၂၀၀၂၊ ၂၀၀၈)
  • The Open Championship - ချန်ပီယံဆု ၃ ကြိမ် (၂၀၀၀၊ ၂၀၀၅၊ ၂၀၀၆)
  • PGA Championship - ချန်ပီယံဆု ၄ ကြိမ် (၁၉၉၉၊ ၂၀၀၁၊ ၂၀၀၆၊ ၂၀၀၇)

Source & Photo: CNN, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video