ဂျပန်ဖိုက်တာက အောင်လအတွက် ပထမဆုံး ဂျပန်လူမျိုး ပြိုင်ဖက် ဖြစ်လာမှာပါ။

ဇွန်လ ၂၉ ရက်နေ့မှာ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်အနေနဲ့ ဂျပန်က ကမ်ဟာဆီဂါဝါနဲ့ ရန်ကုန်မြို့ မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။



 

အဆိုပါ ပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့မှာတော့ ရန်ကုန်မြို့က PULLMAN ဟိုတယ်မှာ ကျင်းပပြုုလုပ်ခဲ့ပါတယ်။

 

ရှေ့က ထိုးသတ်ခဲ့တဲ့ ပွဲတွေမှာ ပွဲသိမ်းမြန်မှုကြောင့် အောင်လအန်ဆန်ထိုးသတ်နေတဲ့ MMA ပြိုင်ပွဲအပေါ် ပရိသတ်တွေက ဝေဖန်မှုတွေ ကလည်း ရှိနေပြီး ယခုပြိုင်ပွဲမှာလည်း ဘယ်နှစ်ချီလောက်ထိုးသတ်သွားဖို့ရှိမလဲဆိုတာကို အောင်လအန်ဆန်က ထုတ်ဖော်ပြောခဲ့ပါတယ်။

" ဒီတစ်ကြိမ်တော့ ကျွန်တော် ကုလားကားကြည့်ရသလိုမျိုး ထိုးသတ်မှာပါ။အားလုံးကြည့်ပြီးတော့ ပျော်ရွှင်နိုင်အောင် အကြာကြီး ထိုးသတ်ပေး သွားမှာပါ။" လို့ အောင်လအန်ဆန်က မီဒီယာကို ထုတ်ဖော်ပြောခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ရှေ့က အလိန်းအန်ဂါလာနီနဲ့ ထိုးသတ်ခဲ့တဲ့ အထူးစိန်ခေါ်ပွဲမှာလည်း ပထမအချီမှာပင် အနိုင်ယူနိုင်ခဲ့သလို ၊ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်လုပွဲတုန်းကလည်း ပထမအချီမှာပင် အလဲထိုးထားခဲ့တာကြောင့် အောင်လနိုင်ပွဲရခဲ့ပေမယ့်လည်း ပွဲကြည့်ပရိသတ် တွေကတော့ အချိန်အနည်းငယ်သာ ကြည့်ရတဲ့အပေါ်မှာ အားမလို အားမရမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပြိုင်ဖက် ဟာဆီဂါဝါနဲ့ ထိုးသတ်ရမယ့်အပေါ်မှာလည်း -" သူက ပြိုင်ပွဲ ၁၈ ပွဲလောက်ထိုးထားတယ်။၁၆ ပွဲနိုင်ပြီး ၂ ပွဲသာ ရှုံးထားတာကြောင့် ဘယ်လိုမှ လျော့တွက်လို့မရပါဘူး။နောက်ပြီးသူက ဂျူဒိုအရမ်းကောင်းပါတယ်။ခြေကန်ချက်မှာလည်း ပါဝါအရမ်းရှိပါတယ်။ ကျွန်တော့်အတွက် ပြိုင်ဖက်ကောင်းလို့ ယုံကြည်ပါတယ်။" လို့ အောင်လက ဆက်လက်ပြောခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ လက်ရှိ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်နှစ်ခုရဲ့ ချန်ပီယံ ဖြစ်ပြီး ယခု ပြိုင်ပွဲကတော့ မစ်ဒယ်ဝိတ်ရွှေခါးပတ် ကာကွယ်ပွဲလည်း ဖြစ်ကာ အောင်လအတွက် ပထမဆုံး ခါးပတ်ကာကွယ်ပွဲအဖြစ် ကစားရမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က