AD
AD
AD

စနေနေ့က ကစားခဲ့တဲ့ ပြင်သစ်အသင်းက သြစတြေးလျအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟာ အန်တိုနီယိုဂရစ်မန်းဇ်ကြောင့် ရရှိခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောမှာလည်း သူ့ရဲ့ ပေးပို့မှုကတဆင့် ဂရစ်မန်းဇ်က ရရှိသွားခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာ ဖြစ်ပါတယ်။

play
သြစတြေးလျနဲ့ပွဲမှ ပေါ့ဂ်ဘာ

 

အိုးထရက်ဖို့ဒ်မှာ မော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလားမတိုင်ခင် အီတလီအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပြီး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလား အဖွင့်ပွဲမှာတော့ ပေါ့ဂ်ဘာဟာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ ပါတယ်။

play
ဂိုးသွင်းပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေတဲ့ ပေါ့ဂ်ဘာ

 

အသက် (၂၅)နှစ်အရွယ် ကစားသမားက သူ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ မကြာခဏ ပြောကြားလေ့ရှိပြီး အခုလည်း သူ့အပေါ်ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားမှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ "ကျွန်တော်က အခြားသူတွေထက် အမှားအယွင်း နည်းပါးတဲ့သူပါ၊ ကမ္ဘာ့ဈေးအကြီးမားဆုံး ကစားသမားဖြစ်ခဲ့သလို ကမ္ဘာပေါ်မှာ ဝေဖန်အခံရဆုံး ကစားသမားလည်း ဖြစ်ပါတယ်" လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

play
ဂိုးသွင်းပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေတဲ့ ပေါ့ဂ်ဘာ

 

"ဝေဖန်မှုတွေဆိုတာကတော့ ဘောလုံးမှာ အမြဲတမ်းရှိနေမှာပါ၊ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင်လေ့ရှိပါတယ်၊ မင်းပဲတော်တယ်၊ မင်းပဲညံ့တယ်ဆိုပြီးတော့ပေါ့၊ အခုဘောလုံးကစားတဲ့ အချိန်မှာလည်း ကျွန်တော့်အပေါ် ဝေဖန်မှုတွေ ကြုံတွေ့လာတဲ့အခါမှာလည်း ကလေးဘ၀က လမ်းပေါ်ဘောလုံးကန်ခဲ့တုန်းကလိုပဲ ကျွန်တော်သဘောထားလိုက်ပါတယ်" လို့ ပေါ့ဂ်ဘာက ထပ်မံပြောကြားခဲ့ပါတယ်။

play
ဂိုးသွင်းပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေတဲ့ ပေါ့ဂ်ဘာ

 

"ကျွန်တော့်အပေါ် ဝေဖန်တာတွေကို နားမထောင်တော့ဘူး၊ ပေါ့ပေါ့ပါးပါးပဲ ကျွန်တော်နေတော့တယ်၊ ဒီအတွက် တစ်ခုတည်းသောအဖြေက ဘယ်သူတွေ ကျွန်တော့်အပေါ် ဘယ်လိုဝေဖန်မှုတွေပဲ လုပ်လုပ် ကျွန်တော် ပေါ့ပေါ့ပါးပါးနေလိုက်တာပါပဲ၊ လူတိုင်းမှာတော့ သူ့အမြင်နဲ့သူ ရှိမှာပေါ့" လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပြီး ဝေဖန်မှုတွေကို လျစ်လျူရှုထားတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD