AD
AD
AD

ရုရှားမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လာရောက်အားပေးကြည့်ရှုတဲ့ ဆွစ်ဇာလန်အသင်း ပရိသတ်အုပ်စုတစ်စုဟာ မြို့မှားပြီး ဟိုတယ်ဘွတ်ကင် လုပ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။

play


အဆိုပါ ပရိသတ်တွေဟာ ဆွစ်ဇာလန်နဲ့ ဘရာဇီးအသင်းတို့ အမှန်တစ်ကယ် ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးကွင်းတည်ရှိရာ Rostov-on-Don မြို့နဲ့ အမည်ဆင်တူရိုးမှား ဖြစ်နေတဲ့ Rostov Veliky မြို့ငယ်လေးရှိ ဟိုတယ်ကို ဘွတ်ကင် မှားယွင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုမြို့နှစ်မြို့ဟာ ၇၉၆ မိုင် ကွာဝေးကြကြောင်းလည်း သိရပါတယ်။ ရုရှားမီဒီယာတွေမှာ သတင်းဖော်ပြခဲ့မှုအရ ဆွစ်ဇာလန်ပရိသတ်အုပ်စုတစ်ခုက ဟိုတယ်ရှာမတွေ့ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

play


"ဆွစ်ဇာလန်အသင်းကို အားပေးဖို့ရောက်လာကြတဲ့ နိုင်ငံခြားသားတွေက ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး ဟိုတယ်လိုက်ရှာနေရကြောင်း ပြောပါတယ်" လို့ ဒေသခံရဲတပ်ဖွဲ့က ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့နောက် ဒေသခံရဲစခန်းမှ ဘာသာပြန်က ၎င်းတို့ဟာ Rostov-on-Don မြို့နဲ့ Rostov Veliky မြို့ မှားယွင်းနေကြောင်း ရှင်းပြခဲ့ကြောင်း သိရပါတယ်။ Rostov ရဲတပ်ဖွဲ့က ကမ္ဘာ့ဖလားပွဲကာလအတွင်း စပိန်၊ အင်္ဂလိပ်၊ အာရပ်နဲ့ ပြင်သစ် ဘာသာစကား ဘာသာပြန်ပြောဆိုပေးနိုင်သူတွေက ခန့်အပ်ထားကြောင်း ပြောပါတယ်။

play


ကမ္ဘာ့ဖလားပွဲကိုလာရောက်တဲ့ နိုင်ငံခြားသား ဘောလုံးပရိသတ်တွေကို တည်းခိုနေထိုင်စရာ ရှာဖွေရာမှာ ကူညီပေးရန်အတွက် ထိုသို့ခန့်ထားခြင်း ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

အစောပိုင်းမှာ ရုရှားနဲ့ ယူကရိန်း မီဒီယာတွေက ဖော်ပြခဲ့မှုအရလည်း ဆွစ်ဇာလန်းအသင်းပရိသတ်အုပ်စုတစ်ခုဟာ Rostov-on-Don မြို့ကို ကားဖြင့်လာရောက်ခဲ့ကြရာ ယူကရိန်းအရှေ့ပိုင်းရှိ စစ်မက်ဇုန်ထဲကနေ ဖြတ်သန်းသွားခဲ့မိကြတယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်ပရိသတ်တွေက GPS လမ်းညွှန်းအတိုင်း ကားမောင်းနှင်လာခဲ့ရာက စစ်ပွဲဇုန်အတွင်းရောက်နေခဲ့တာကို မသိခဲ့ကြဘူးလို့ ဆိုပါတယ်။ ၎င်းတို့ ရောက်ရှိဖြတ်သန်းခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းနယ်မြေမှာ လေးနှစ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး လူ ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

play


ဆွစ်ဇာလန်နဲ့ဘရာဇီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးကွင်းရှိရာ Rostov-on-Don မြို့ဟာ စစ်ပွဲကာလအတွင်း ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့တဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းနေရာနဲ့ ၃၇ မိုင်မျှသာ ကွာဝေးကြောင်းလည်း သိရပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ် ယှဉ်ပြိုင်ကစားတဲ့ Rostov-on-Don ဘောလုံးကွင်းဟာ ပရိသတ် ၄၅,၀၀၀ ဝင်ဆံ့ပြီး တည်ဆောက်မှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် (တနင်္လာနေ့) မနက်အစောပိုင်းက အဆိုပါကွင်းမှာ အုပ်စု (E) မှ ဆွစ်ဇာလန်နဲ့ ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD