AD
AD
AD

အာဂျင်တီးနားကို သရေကစားနိုင်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ အိုက်စလန်ကို နိုင်ဂျီးရီးယားက ပညာပေးသွားခဲ့တဲ့ ပွဲဖြစ်ပါတယ်။ အုပ်စုက တက်မြောက်ရေးအတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ အနိုင်ရရှိဖို့အတွက် အကောင်းဆုံးကစားခဲ့ကြလို့ ကြည့်ကောင်းခဲ့ပြီး ကစားသမားအင်အားသာလွန်တဲ့ နိုင်ဂျီရီးယားက အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

play

 

အုပ်စု (ဃ) မှာ ခရိုအေးရှားက နောက်တဆင့်တက်ရောက်သွားခဲ့ပြီဖြစ်ပြီး လက်ကျန်တစ်နေရာအတွက် အိုက်စလန်၊ နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ အပြိုင်လုရတော့မှာဖြစ်ပြီး ဒီနေ့ပွဲကို အနိုင်ရရှိတဲ့ အသင်းဟာ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ အိုက်စလန်ကတော့ အာဂျင်တီးနားနဲ့ ကစားခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထွက်ခဲ့သလို နိုင်ဂျီးရီးယားကလည်း အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။

play

 

ပထမပိုင်း နှစ်သင်းစလုံးဟာ အပြန်အလှန်ထိုးဖောက်မှုတွေ ရှိနေခဲ့ပြီး အဆုံးသတ်ပိုင်းမသေချာမှု၊ တိုက်စစ်ပိုင်းအားနည်းမှုကိုယ်စီတို့နဲ့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့၊ ကစားဖူးတဲ့ ကစားသမားတွေရဲ့ အားနဲ့ နိုင်ဂျီးရီးယားက ပိုမိုဖိအားပေးနိုင်ခဲ့ပြီး အိုက်စလန်နောက်တန်းကလည်း အမှားအယွင်းနည်းပါးခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေသာဖြစ်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း (၄၉)မိနစ်မှာတော့ မော့ဆက်ရဲ့ ဖန်တီးပေးပို့မှုကနေ မူဆာက ဂိုးသွင်းယူနိုင်ခဲ့လို့ နိုင်ဂျီးရီးယား ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးရရှိပြီး နောက်ပိုင်းမှာ နိုင်ဂျီးရီးယားရဲ့ ကစားပုံက ပိုမိုကောင်းမွန်လာခဲ့ပြီး အိုက်စလန်အသင်းကတော့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်ပိုင်း အားနည်းခဲ့တာကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

play

 

၇၅ မိနစ်မှာတော့ မူဆာရဲ့ တစ်ကိုယ်တော်ခြေစွမ်းပြမှုနဲ့ ဂိုးသမားကိုပါလိမ်ခေါက်ပြီး သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် နိုင်ဂျီးရီးယားတို့ အနိုင်ရလာဒ်အတွက် စိတ်ချရတဲ့ ဂိုးအရေအတွက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၈၄ မိနစ်မှာ VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး အိုက်စလန်အသင်း ပယ်နယ်တီ ကန်ခွင့်ရရှိခဲ့ပေမယ့် အဓိကတိုက်စစ်ကစားသမား ဆီဂတ်ဆန်ရဲ့ ကန်သွင်းမှု ဂိုးဘားတန်းပေါ် ကျော်လွန်သွားခဲ့တာကြောင့် နိုင်ဂျီးရီးယားတို့ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပါတယ်။

play

 

အုပ်စု (ဃ) မှာ နိုင်ဂျီးရီးယားက (၃) မှတ်၊ အိုက်စလန်နဲ့အာဂျင်တီးနားတို့က (၁) မှတ်စီရရှိထားကြပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် အိုက်စလန်နဲ့ခရိုအေးရှား၊ နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ ကစားရမှာဖြစ်ပါတယ်။ အိုက်စလန်က ခရိုအေးရှားကို အနိုင်ရဖို့ လိုအပ်နေပြီး အာဂျင်တီးနားကလည်း နိုင်ဂျီးရီးယားကို ဂိုးပြတ်အနိုင်ရမှသာ နောက်တဆင့်အတွက် စိတ်ချရတဲ့ အနေအထားကို ရရှိမှာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားကတော့ အာဂျင်တီးနားကို သရေကစားနိုင်ခဲ့မယ်ဆိုရင် အခြေအနေကောင်းမွန်နိုင်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွေဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD