AD
AD
AD

ဂျပန်အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ဟွန်ဒါနဲ့ ဟာဆီဘီတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။

play

 

ဂျပန်အသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၃ ဂိုးအထိ ပြန်ပေးခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဘယ်ဂျီယံနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ဟွန်ဒါက ဂျပန်အသင်းဟာ လာမယ့်အနာဂတ်မှာ ပိုမိုတောက်ပလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

"ဒီနေ့ ကျွန်တော်တို့ ဂျပန်ဘောလုံးလောကကို ဘယ်လိုရှေ့ဆက်သွားနိုင်လဲဆိုတာ ပြသနိုင်ခဲ့ပါတယ်"

"ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့လူငယ်ကစားသမားတွေ အများကြီးရှိပါတယ်။ အခု ဂျပန်ဘောလုံးလောကအတွက် သမိုင်းရေးထိုးဖို့ သူတို့အလှည့်ရောက်လာပါပြီ"

"ဒါက ကျွန်တော့်အတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲပါ။ အဲဒါ တကယ့်အမှန်တရားပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် ကျွန်တော် ဂျပန်အသင်းကို နောက်တစ်ဆင့်ကို ပို့ဆောင်ပေးချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို ပြီးဆုံးအောင်မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် လုပ်နိုင်သမျှ အားလုံးလုပ်ခဲ့တယ်။ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂျပန်အသင်းရဲ့အသင်းခေါင်းဆောင် ဟာဆီဘီကလည်း လက်ရွေးစင်အသင်းအတွက် ၁၁၄ ပွဲ ပါဝင်ကစားပေးပြီးနောက်မှာ နှုတ်ဆက်ခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ထောက်ခံအားပေးခဲ့ကြတဲ့ အသင်းဖော်တွေကိုလည်း ချီးကျူးစကားပြောကြားခဲ့ပါတယ်။

"၂၀၀၆ ခုနှစ်ကတည်းက ဒီနေ့အထိ ၁၂ နှစ်ခွဲလောက် လက်တွဲပြီး အတူတိုက်ပွဲဝင်လာတဲ့အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အားပေးကြတဲ့ ဂျပန်လူမျိုးတွေအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်"

"ခင်ဗျားတို့နဲ့အတူ လမ်းလျှောက်ခဲ့ရတာဟာ ကျွန်တော့်အတွက် အရေးကြီးတဲ့အဖိုးတန်ရတနာတစ်ခုလိုပါပဲ။ ကျွန်တော့်ရဲ့နှလုံးသားအတွင်းနက်နက်ထဲကနေ ကျေးဇူးတင်ပါတယ်"

"နောက်ဆုံးအနေနဲ့ အနည်းဆုံး ကျွန်တော်က ဂျပန်အသင်းကို အားပေးတဲ့သူလည်းဖြစ်တယ်ဆိုတော့ ဂျပန်လက်ရွေးစင်အသင်းနဲ့ပတ်သက်ပြီး အတူတူအိပ်မက်ဆက်မက်ကြရအောင်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂျပန်အသင်းဟာ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပြီး ပြိုင်ပွဲကျင်းပရာ ယူအေအီးနိုင်ငံကို သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD