AD
AD
AD

ချန်ပီယံဆုဖလားနဲ့အပြိုင် ပရိသတ်တွေ စိတ်ဝင်စားနေခဲ့တာကတော့ ရွှေဖိနပ်ဆု ပိုင်ရှင် ဘယ်သူဖြစ်မလဲဆိုတာပါပဲ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဂရစ်မန်းဇ်၊ နေမာတို့လို ထိပ်ထိပ်ကြဲ တိုက်စစ်မှူးတွေ အပြိုင်းအရိုင်းပါဝင်လာခဲ့တဲ့ ပြိုင်ပွဲမှာ ဒီဆုကို ဒီကစားသမားတွေထဲကပဲ ဆွတ်ခူး နိုင်မယ်လို့ ပွဲမစခင် ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အထင်နဲ့အမြင်တွေက တက်တက်စင်အောင် လွဲချော်နေခဲ့ပါပြီ။

play
Photo : FIFA

 

ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလို့ နေခဲ့ပါပြီ။ ထင်မှတ်မထားတဲ့ အလှည့်အပြောင်းများအဖြစ် မြင်တွေ့ခဲ့ရတာကတော့ ပေါ်တူဂီ၊ အာဂျင်တီးနား တို့လို အသင်းကြီးတွေ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီး နာမည်ကြီးစပိန်အသင်းလည်း အောင်ဖျာလိပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

play
Photo : FIFA

 

ကမ္ဘာ့ဖလားရဲ့ ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာကို ယခုချိန်ထိ သေချာပေါက် ဘယ်သူမှ မပြောနိုင်၊ မပြောဝံ့တာကလည်း ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထူးခြားချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ အသင်းတွေကို ကြည့်မယ်ဆိုရင် ဆွီဒင်၊ ရုရှားတို့လို အသင်းတွေ ပါဝင်နေတာကို မြင်တွေ့ရမှာပါ။ ဒါကပဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကြီးတွေ ဗိုလ်စွဲဖို့ မပြောနိုင်တဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။

play
Photo : FIFA

 

လက်ရှိအချိန်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး (၆)ဂိုးနဲ့ ဦးဆောင်နေပြီး လူကာကူ၊ ရော်နယ်ဒိုတို့က သွင်းဂိုး (၄) ဂိုးစီနဲ့ ရပ်တည်နေပြီး ဒီဇူဘား၊ ချီရီချက်၊ ဘာပေ၊ ကာဗာနီတို့က (၃)ဂိုးစီ သွင်းယူပြီး ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင် ဖြစ်နေခဲ့ပါတယ်။ ဟယ်ရီကိန်းကတော့ ထိပ်ဆုံးမှာ (၂)ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာမို့ ပိုမိုပြီး အခွင့်အလမ်းကောင်းကို ပိုင်ဆိုင်နေခဲ့ပါတယ်။

play
Photo : FIFA

 

ဟယ်ရီကိန်းရဲ့ ဦးဆောင်မှုမှာ ပယ်နယ်တီသွင်းဂိုးတွေကြောင့်လို့ အားလုံးက ဝေဖန်မှုတွေ ရှိနေကြပါတယ်။ ဟယ်ရီကိန်းဟာ သွင်းဂိုး (၆)ဂိုးမှာ ပယ်နယ်တီသွင်းဂိုးက (၃)ဂိုး ပါဝင်နေခဲ့ပြီး နောက်ထပ်တစ်ဂိုးကလည်း အသင်းဖော်ကန်သွင်းမှုကတဆင့် သူ့ကိုထိပြီး ဂိုးအဖြစ် ပြောင်းလဲခဲ့တာမို့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးစစ်စစ်က (၂)ဂိုးသာ ရှိတယ်လို့ အားလုံးက ဝေဖန်နေကြတာဖြစ်ပါတယ်။

play
Photo : FIFA

 

ဒါဟာ VAR စနစ်ရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်သလို ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပယ်နယ်တီပြစ်ဒဏ်ဘောတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေခဲ့တာကလည်း အကြောင်းရင်းခံ ဖြစ်ခဲ့တာပါ။ ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်မှုမှာ ဟယ်ရီကိန်း သတိထားရမယ့် ပြိုင်ဘက်ကတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ဖြစ်ပါတယ်။ ပွဲစဉ်ဇယားအရ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ဟာ ဆွီဒင်၊ ဘယ်လ်ဂျီယံက ဘရာဇီးလ်နဲ့ ကစားရမှာ ဖြစ်တာကြောင့် ဂိုးရရှိဖို့ အခွင့်အလမ်းကိုလည်း ဟယ်ရီကိန်းက ပိုမိုရရှိနေတယ်လို့ ယူဆရပါတယ်။

play
Photo : FIFA

 

ကာဗာနီ၊ ဘာပေတို့ကိုလည်း ပြိုင်ဘက်စာရင်းထဲ ထည့်သွင်းထားရတယ်ဆိုပေမယ့်လည်း ဂိုးကွာခြားမှုက (၃) ဂိုးအထိ ရှိနေတာမို့ အဆိုပါ ကစားသမားတွေဟာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့မယ်ဆိုရင် တစ်ပွဲကို တစ်ဂိုးနှုန်းသွင်းနိုင်ပါမှ ဟယ်ရီကိန်းကို အမှီလိုက်နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ ဒီနေရာမှာ အပေါ်က ရေးသားခဲ့တဲ့အတိုင်း VAR စနစ်နဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောတွေက အလှည့်အပြောင်းဖြစ်လာနိုင်ပါတယ်။ နေမာ၊ ဂရစ်မန်းဇ်တို့ကတော့ သွင်းဂိုး (၂)ဂိုးစီသာ ရရှိထားပြီး အလှမ်းကွာလွန်းတယ်လို့ ယူဆရမှာပါ။

 

ဘယ်လိုတွေပဲ ဖြစ်လာစေကာမူ လက်ရှိအချိန်မှာ ရွှေဖိနပ်ဆုအတွက် ဟယ်ရီကိန်းဟာ လူကာကူ တစ်ဦးတည်းကိုသာ ပိုမိုစိုးရိမ်နေရတာ ဖြစ်ပြီး ကျန်တဲ့ကစားသမားတွေနဲ့ဆိုရင်တော့ ခြေလှမ်းက နည်းနည်းကွာဟခဲ့ပြီလို့ ဆိုရမှာတော့ အမှန်ပါပဲ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင်က ဟယ်ရီကိန်း ဖြစ်လာဖို့ ရာခိုင်နှုန်းမြင့်မားနေပြီလို့ ဆိုရတော့မှာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD