AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပထမဆုံးပွဲက ဘရာဇီးလ် နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ တွေ့ဆုံမှုနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူတို့နှစ်သင်းရဲ့ တွေ့ဆုံမှုအပေါ် ဒီနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲတစ်ပွဲကို မြင်တွေ့ရမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲတွေကို Duwun Sports ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘရာဇီးလ်ဟာ ခြေစစ်ပွဲအဆင့်မှာ ရှုံးပွဲတစ်ပွဲတည်းသာ ရှိခဲ့ပြီးတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ အုပ်စုတွင်းမှာ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆာဘီးယားတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး (၁၆)သင်းအဆင့်မှာ မက္ကဆီကိုနဲ့ ရင်ဆိုင်ခဲ့ရတာမို့ သူတို့အတွက် ကွာတားဖိုင်နယ် လမ်းကြောင်းဟာ ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် တီထီအတွက် အခုဆိုရင် ကိုယ့်ကိုကိုယ် စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရတော့မှာဖြစ်ပြီး တိုက်စစ်အားကောင်းတဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ကြုံတွေ့နေရခဲ့ပါပြီ။ တီထီအတွက် ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားဖို့ စဉ်းစားမှာထက်စာရင် သူ့ရဲ့ တိုက်စစ်ပိုင်းကို ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်နိုင်မှာလဲဆိုတာကို ဦးစားပေးရွေးချယ်ဖွယ် ရှိနေပါတယ်။ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရမယ့် ပွဲကတော့ တီထီအတွက် ပထမဆုံးအကြိမ် စစ်မှန်တဲ့ စိန်ခေါ်မှု တစ်ခုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

play

 

ဘယ်လ်ဂျီယံနဲ့ပွဲမှာ တီထီ အားအထားရဆုံး ကစားသမားတွေထဲမှာ ပါဝင်နေတဲ့ ကက်စ်မဲရိုးကို ဆုံးရှုံးရမှာဖြစ်ပြီး ကက်စ်မဲရိုးဟာ ဘရာဇီးလ်ရဲ့ ကစားကွက်မှာ မရှိမဖြစ်၊ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။  မြန်ဆန်သွက်လက်တဲ့ ဘယ်လ်ဂျီယံရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးဖို့အတွက် ကက်စ်မဲရိုးက အကောင်းဆုံးသော ကွင်းလယ်ခံစစ်လူစစ်စစ် ဖြစ်ပါတယ်။ ဒါပေမယ့် ကက်စ်မဲရိုး မပါဝင်နိုင်တော့တဲ့ အချိန်မှာ ဘရာဇီးလ်ရဲ့ ကွင်းလယ်ခံစစ်တစ်ခုလုံးကို ကာကွယ်ပေးဖို့အတွက် အခက်အခဲက ရှိလာခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ နောက်တန်းခံစစ်ကြောင်း ရှေ့မှာ နေရာယူပြီး ပြိုင်ဘက်တိုက်စစ်ကို ကွင်းလယ်မှာ ဖြတ်တောက်ဖို့ နေရာယူထားသူ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်းပဲ ရီးရဲလ် မှာ ကစားခဲ့ပြီး အသင်းအတွက် ကောင်းကောင်းကြီး အကျိုးပြုနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

play

 

ဘယ်လ်ဂျီယံကတော့ Deeper Midfield ဖြစ်တဲ့ ဒီဘရိုင်း ပါဝင်နေပြီး ဟာဇက် နဲ့ ဒရိုင်းစ်မာတင်တို့က အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်း အတွက် ဒီဘရိုင်းနဲ့တွဲဖက်ပြီး ကစားပေးနေတာ ဖြစ်ပါတယ်။ ဘရာဇီးလ်ရဲ့ အသက်က ကက်စ်မဲရိုးဆို ဘယ်လ်ဂျီယံရဲ့ အသည်းနှလုံးကလည်း ဒီဘရီုင်းပဲ ဖြစ်ပါတယ်။ ကွင်းလယ်ကနေ တောင်ပံနှစ်ဖက်၊ ပြိုင်ဘက်အသင်းရဲ့ ခံစစ်နဲ့ အသင်းဖော်တိုက်စစ်မှူးတို့ကြားက နေရာလွတ်တွေကို တိတိကျကျ ပေးပို့ပေးနိုင်တဲ့ ဒီဘရိုင်းရဲ့ ပေးပို့မှုစွမ်းရည်နဲ့ တိကျမှုကို တူနီးရှားနဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ၃-၄-၃ ကစားကွက်ကို အခြေခံပြီး သူတို့ရဲ့ အသင်းကို တည်ဆောက်လေ့ရှိပါတယ်။

play

 

3 back ထားရှိမှုမှာ ဘယ်လ်ဂျီယံအသင်းရဲ့ အားနည်းချက်က Wing-backs တွေအဖြစ် တာဝန်ယူထားတဲ့ မူနီယာ နဲ့ ကာရက်စ်ကိုတို့ရဲ့ နောက်က နေရာလွတ်နဲ့ နောက်တန်းသုံးယောက်ကြားဟာ သူတို့ရဲ့ အဓိကအားနည်းချက်အဖြစ် ရှိနေပါတယ်။ ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ကော်တင်ဟို၊ နေမာ နဲ့ ဂျီးဆပ်စ်(သို့) ဖာမီနိုတို့ဟာ ဒီအားနည်းချက်ကို ကောင်းကောင်းကြီးအသုံးချနိုင်စွမ်းရှိတဲ့ သူတွေဖြစ်ပါတယ်။  နေမာကတော့ ပီအက်စ်ဂျီအသင်းဖော် မူနီယာနဲ့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး ၀ီလီယံကတော့ ညာတောင်ပံကနေ သူ့ရဲ့ ပုံစံအတိုင်း ကစားမှာဖြစ်ပါတယ်။ ဒီအားနည်းချက်အတွက်တော့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် ကောင်းကောင်းကြီးခေါင်းစားနိုင်ပါတယ်။

play

 

ကက်စ်မဲရိုးနေရာအတွက် ဖာနန်ဒင်ဟို ရှိနေခဲ့ပေမယ့် ကက်စ်မဲရိုးလို ကွင်းလယ်ခံစစ်စည်းတစ်ခုလုံးကို လုံခြုံအောင်ကာကွယ်ပေးဖို့ ဖာနန်ဒင်ဟိုမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ဟာဇက်၊ ဒရိုင်းမာတင်စ်၊ လူကာကူ နဲ့ ဒီဘရိုင်းတို့လို မြန်ဆန်သွက်လက်တဲ့ ကွင်းလယ်တိုက်စစ်ပိုင်း ကစားသမားတွေကို တားဆီးဖို့အတွက်ဆိုရင်တော့ ကက်စ်မဲရိုးလောက် ဖာနန်ဒင်ဟိုက အလုပ်ဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒင်ဟိုအပြင် တီထီမှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ အခြားသော ရွေးချယ်မှုတွေအဖြစ် ကွင်းလယ်ပိုင်းကို ပြင်ဆင်လို့ ရပေမယ့် ဒါက ဘရာဇီးလ်ရဲ့ ပုံစံမဟုတ်ပါဘူး။

 

ဘရာဇီးလ်အတွက် စိတ်ပူစရာတစ်ခုကတော့ သူတို့ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်အသင်းတွေထဲမှာ ဘယ်လ်ဂျီယံလို အသင်းမျိုး တစ်သင်းမှ မပါဝင်ခဲ့ပဲ ကစားသမားတွေဟာ စိတ်လက်ပေါ့ပါးစွာ ကစားနိုင်ခဲ့တာပါ။ ဖိအားအများအပြား ရှိလာနိုင်တဲ့ပွဲမှာ ဘယ်လ်ဂျီယံလိုအသင်းနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတော့ ဘရာဇီးလ်ရဲ့ ခြေစွမ်းအမှန်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုအပြင် ဘရာဇီးလ်မှာ ဖရက်ဒ် နဲ့ ရီနော့တိုအော်ဂတ်စတိုတို့ ရှိနေပေမယ့် ဒီကစားသမားတွေဟာ တိုက်စစ်ပိုင်းကို ပိုမိုလိုက်ပါလေ့ရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဒါကြောင့် တီထီအနေနဲ့ ဘယ်လ်ဂျီယံတိုက်စစ်ကို မကြောက်မရွံ့စမ်းသပ်ဖို့ စိတ်ပါမယ် မထင်ပါဘူး။ ဖာနန်ဒင်ဟိုကိုပဲ သူ ဦးစားပေးရွေးချယ်လာမှာ သေချာပါတယ်။

play

 

ဂျပန်နဲ့ပွဲမှာ ဘယ်လ်ဂျီယံအသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်း အားနည်းမှုကို အထင်အရှားတွေ့ခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂျပန်အသင်းဟာ ဒီအားနည်းချက်ကို ကောင်းကောင်းကြိး အသုံးချသွားနိုင်ခဲ့ပါတယ်။ ဖယ်လိုင်နီ ပါဝင်လာပြီးနောက်မှာ ဘယ်လ်ဂျီယံရဲ့ ကစားကွက်ပုံစံ ပြောင်းလဲလာခဲ့ပြီးမှ ဂိုးတွေပြန်သွင်းယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်နဲ့ပွဲမှာ မာတီနက်ဇ်အနေနဲ့ နည်းစနစ်ပိုင်းအရ ၀ှစ်ဆဲလ်ကို ချန်လှပ်ဖွယ် ရှိနေပြီး ဖယ်လိုင်နီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လ်ဂျီယံအသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက် အထိုက်အလျောက် စိတ်ချရမှာပါ။ ဂျော်ဒန်လူကာကူကို ရွေးချယ်ခြင်းမပြုခဲ့တဲ့အတွက် ဘယ်ဘက်ခြမ်းမှာ ကာရက်စ်ကိုကို မာတီနက်ဇ်က Wing-Back အဖြစ် ထားကစားနေခဲ့ရပြီး ကာရက်စ်ကိုဟာ ဒီပုံစံမှာ ကစားနေကျမဟုတ်တဲ့အတွက် သူ့အတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။

play

 

 နောက်တန်းဗဟိုအစွန်နှစ်ဖက်မှာ ရှိနေတဲ့ ဗာတွန်ဂန် နဲ့ အယ်လ်ဒါဝီရယ်လ်တို့ဟာ နေရာလွတ်တွေအတွက် ကာဗာ လုပ်ပေးနိုင်တာမှန်ပေမယ့် ဘရာဇီးလ်လိုအသင်းနဲ့ အတွေ့မှာ သူတို့အတွက်တော့ တော်တော်လေး အလောင်းအစားဆန်တဲ့ စိန်ခေါ်မှုဖြစ်လာမှာတော့ သေချာပါတယ်။ မာတီနက်ဇ်အနေနဲ့ ဘရာဇီးလ်နဲ့ပွဲမှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုသင့်ပြီး မူနီယာကို ညာခံစစ်၊ ဗာတွန်ဂန်ကို ဘယ်နောက်ခံလူနေရာမှာ ထားဆော့သင့်ပါတယ်။ ကွင်းလယ်ပိုင်းအတွက်ဆိုရင်တော့ ကာရက်စ်ကိုကို ချန်လှပ်ပြီး မူဆာဒမ်ဘီလီ၊ ဖယ်လိုင်နီ နဲ့ ဒီဘရိုင်းတို့ကို ထားရှိရမှာပါ။ ဒမ်ဘီလီက ဘောလုံးကိုင်ကစားတာ ကောင်းမွန်သလို တိုက်စစ်ကို စတင်နိုင်ဖို့ သူ့ဆီကနေ ဘောလုံးပေးပို့မှုတွေ စတင်ပေးနိုင်သူ ဖြစ်ပါတယ်။ ရှေ့တန်းအတွက်တော့ ဒရိုင်းမာတင်စ်၊ ဟာဇက် နဲ့ လူကာကူတို့ ရှိနေမှာပါ။

play

 

ဘရာဇီးလ်အတွက် တိုက်စစ်ပိုင်းအပြောင်းအလဲကိုလည်း မြင်တွေ့လာရနိုင်ပါတယ်။ ပုံမှန်ပွဲထွက်နေကျ ဂါဘရီရယ်ဂျီးဆပ်စ်ရဲ့ ကစားပုံကို ပြိုင်ဘက်အသင်းတွေက အလွယ်တကူ ထိန်းချုပ်နေနိုင်ပြီး ဂျီးဆပ်စ်ကိုယ်တိုင်လည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဒိနေရာမှာ ပြိုင်ဘက်ခံစစ်မှူးတွေကို ကောင်းကောင်းကြီးအလုပ်ရှုပ်စေမှာက ဖာမီနိုပါ။ ဧရိယာအတွင်းမှာ နေရာလွတ်တွေ ရှာဖွေနိုင်ပြီး off the ball movements တွေ ကောင်းမွန်တဲ့ ဖာမီနိုကိုသာ ထည့်သွင်းခဲ့မယ်ဆိုရင် ဘယ်လ်ဂျီယံနောက်တန်း ဒုက္ခတွေ့သွားနိုင်ပါတယ်။ ဒီပုံစံကို မက္ကဆီကိုနဲ့ပွဲမှာ မြင်တွေ့ခဲ့ရပြီး ဖာမီနိုက ကိုယ်တိုင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖာမီနိုက ပြိုင်ဘက်ခံစစ်ကို မိနစ် (၉၀) အပြည့် ခြိမ်းခြောက်နိုင်စွမ်းရှိသူ ဖြစ်ပြီး နေမာနဲ့သူနဲ့ တွဲဖက်မှုဟာ နေမာ+ဂျီးဆပ်စ်တို့ထက် အများကြီး စွမ်းဆောင်ရည်သာလွန်နေခဲ့တာပါ။ ညာအစွန်ခံစစ် နေရာအတွက် ဒန်နီလို ပြန်လည်ကောင်းမွန်လာတာ ဘရာဇီးလ်အတွက် သတင်းကောင်းဖြစ်ပြီး မက္ကဆီကိုနဲ့ပွဲမှာ ကားလို့စ်ဗီလာ နဲ့ လိုဇာနိုတို့ရဲ့ အကြိမ်ကြိမ်ဖိအားပေးမှုကို မတွန်းလှန်နိုင်ခဲ့တဲ့ ဖက်ဂ်နာ နေရာပျောက်လာဖွယ် ရှိနေပါတယ်။

 

အားနည်းချက်ကိုယ်စီ ရှိနေတဲ့ အသင်းနှစ်သင်း၊ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းက အသာစီးရသွားမလဲဆိုတာကို မြင်တွေ့ရတော့မှာပါ။ နောက်တန်းအားနည်းချက်တွေရှိနေတဲ့ ဘယ်လ်ဂျီယံ နဲ့ ကွင်းလယ်ပိုင်းအတွက် ခေါင်းခဲနေတဲ့ ဘရာဇီးလ်တို့ရဲ့ တွေ့ဆုံမှုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စစ်မှန်တဲ့ပထမဆုံးဟဲဗီးဝိတ်ပွဲတစ်ပွဲကို မြင်တွေ့ခွင့် ရတော့မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD