AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယပွဲကိုတော့ ကြာသာပတေးနေ့ နံနက်၊ (၁၂း၃၀) နာရီမှာ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

 

 နှစ်သင်းစလုံးဟာ (၁၆)သင်းအဆင့်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရင်ဆိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ အင်္ဂလန်က ဆွီဒင်ကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ခရိုအေးရှားကတော့ အိမ်ရှင်ရုရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ် ထပ်မံကြုံတွေ့ခဲ့ရပြီး အနိုင်ထပ်ယူခဲ့ပါတယ်။ အင်္ဂလန်ကတော့ ၁၉၉၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ခရိုအေးရှားကလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ အသည်းပေါက်မတတ် ကစားကြမယ့် ပွဲစဉ်ရဲ့ ကွင်းအတွင်းက ပြင်းထန်နေဦးမယ့် ထိပ်တိုက်တွေ့မှုတွေကို သုံးသပ်ကြည့်မယ်ဆိုရင်....။

 

ဒီဂျန်လော်ဗရန် နဲ့ ဟယ်ရီကိန်း

play
Photo : Metro

 

လီဗာပူးလ်ခံစစ်မှူးနဲ့ စပါးတိုက်စစ်မှူးတို့ရဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပြင်ပမှာ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ လော်ဗရန်ကတော့ ခရိုအေးရှားနောက်တန်းမှာ ခြေစွမ်းပြနေခဲ့ပါတယ်။ လီဗာပူးလ်ကို ဗန်ဒိုက် ရောက်ရှိလာပြီးနောက်မှာ ကလော့ပ်ရဲ့ ယုံကြည်မှုကို မရရှိတော့တဲ့  လော်ဗရန်ဟာ နိုင်ငံအသင်းမှာတော့ အကောင်းဆုံးခြေစွမ်းပြနေပြီး ယုံကြည်မှု ပြည့်ဝနေပါတယ်။

 

ဟယ်ရီကိန်းကလည်း အင်္ဂလန်အတွက် သွင်းဂိုး (၆)ဂိုး သွင်းယူပေးထားပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသပြီး အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အင်္ဂလန်ကို ဦးဆောင်နေပါတယ်။ စပါးနဲ့လီဗာပူးလ်တို့ တွေ့ဆုံတိုင်း လီဗာပူးလ်ကို ဒုက္ခပေးနေခဲ့တဲ့ ဟယ်ရီကိန်း နဲ့ ဟယ်ရီကိန်းကို မထိန်းနိုင်ခဲ့တဲ့ လော်ဗရန်တို့ရဲ့ နိုင်ငံကိုယ်စားပြု ထိပ်တိုက်တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း လော်ဗရန်ကပဲ ဟယ်ရီကိန်းကို ချုပ်ကိုင်နိုင်မလား၊ ဟယ်ရီကိန်းကပဲ ကျော်ဖြတ်နိုင်မလားဆိုတာ ကွင်းအတွင်းမှာ ရှုစားရတော့မှာ ဖြစ်ပါတယ်။

 

လူကာမိုဒရစ် နဲ့ ဂျော်ဒန်ဟန်ဒါဆန်

play
Photo : Metro

 

ခရိုအေးရှားအတွက် ကမ္ဘာ့ဖလား (၄)ပွဲ ကစားပြီးချိန်မှာ အကောင်းဆုံးကစားသမားဆု (၃)ကြိမ် ရရှိခဲ့တဲ့ မိုဒရစ်ရဲ့ ခြေစွမ်းကတော့ ထွေထွေထူးထူး ပြောနေစရာ လိုမယ်မထင်ပါဘူး။ ရွှေဘောလုံးဆုကို ရရှိဖို့အထိ ရေပန်းစားနေခဲ့ပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ကလက်စီကို ကွင်းလယ်အတွဲကို ပိုင်ဆိုင်ထားတာ ခရိုအေးရှားအတွက် အဖိုးတန်ရတနာတစ်ပါးလို ဖြစ်နေခဲ့ပြီး မိုဒရစ် နဲ့ ရာကီတစ်တို့အတွဲက ကမ္ဘာ့ဖလားမှာ ထင်ပေါ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်နေတာက ဟန်ဒါဆန်ဖြစ်ပါတယ်။

 

 ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်တွေ့ဆုံခဲ့ဖူးတဲ့ ပြိုင်ဘက်နှစ်ယောက်ဟာ နိုင်ငံအသင်းအတွက်လည်း ထပ်မံတိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရရော၊ အသင်းနဲ့လိုက်ပါကစားနိုင်မှုမှာပါ မိုဒရစ်က သိသိသာသာ အသာစီးရရှိနေပေမယ့် ဟန်ဒါဆန်ရဲ့ တစ်ပွဲကောင်းခြေစွမ်းကောင်းမွန်မှုနဲ့ စိတ်ဓာတ်ပြင်းပြစွာ ကစားတတ်ပုံက ဒီနှစ်သင်းရဲ့ ပွဲစဉ်မှာ ကွင်းလယ်ပိုင်းတိုက်ပွဲပြင်းထန်မှုကိုလည်း မြင်တွေ့ရမှာပါ။ ဘယ်သူက အကောင်းဆုံးအကျိုးပြုနိုင်မလဲဆိုတာကိုတော့ မကြာခင်မှာ သိရှိရတော့မှာ ဖြစ်ပါတယ်။

 

မန်ဇူကစ် နဲ့ ဂျွန်စတုန်းစ်

play
Photo : Metro

 

မန်ဇူကစ်ဟာ သွင်းဂိုးတစ်ဂိုးသာ ရရှိထားပေးမယ့် အသင်းအတွက် သူ့ရဲ့ ပံ့ပိုးပေးနိုင်မှုတွေက တန်ဖိုးပြည့်ဝနေခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ စွယ်စုံအသုံးပြုလို့ရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ မန်ဇူကစ်ဟာ တိုက်စစ်ပိုင်းမှာ နေရာအနှံ့ကစားပေးခဲ့ပါတယ်။ အင်္ဂလန်ကတော့ သုံးယောက်တန်းခံစစ်ကို အထိုင်ချထားပြီး ဝေါ်ကာ၊ ဂျွန်စတုန်းစ် နဲ့ မက်ဂွီးတို့နဲ့ ပွဲထုတ်နေကျဖြစ်ပါတယ်။ အင်္ဂလန်နောက်တန်း (၃)ဦးလုံးနဲ့ မန်ဇူကစ် ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပေမယ့် တိုက်စစ်ကို လိုက်ပါမှုနည်းပါးတဲ့ ဂျွန်စတုန်းစ်နဲ့အဓိက ရင်ဆိုင်ရဖွယ်ရှိပါတယ်။

 

 မန်ဇူကစ်ဟာ အင်္ဂလန်နောက်တန်းသုံးယောက်ရှေ့မှာ ပြေးလွှားပြနေပြီး အိုင်ဗန်ပါရီဆစ်နဲ့ရီဘစ်တို့အတွက် နေရာလွတ်တွေ ဖန်တီးပေးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဂျွန်စတုန်းစ်ကို ခံစစ်မှာ အသေချပြီး ဆောက်ဂိတ်က ကစားခိုင်းလေ့ရှိတာမို့ မန်ဇူကစ်နဲ့ စတုန်းစ်တို့ရဲ့ ထိတွေ့မှုက ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ခံစစ်၊တိုက်စစ် အားပြိုင်မှုကလည်း ပွဲအရှိန်ကို မြှင့်တင်းပေးနိုင်မှာဖြစ်လို့ သေချာပေါက် စောင့်ကြည့်ရမယ့် ပြိုင်ဆိုင်မှု ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD