AD
AD
AD

ကမ္ဘာတလွှားက ပရိသတ်သန်းပေါင်းများစွာ ရင်ခုန်စွာနဲ့ စောင့်မျှော်နေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကတော့ ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ၄နှစ်တစ်ခါကျင်းပတဲ့ ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကြီးဖြစ်တာနဲ့အညီ ပရိသတ်တွေကို ဖျော်ဖြေမှုပေးစွမ်းနိုင်တဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲအစီအစဉ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ အခု ပြောပြပေးသွားမှာကတော့ ယနေ့မှာ ပြုလုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပိတ်ပွဲအစီအစဉ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားပိတ်ပွဲအခမ်းအနားကို ဘယ်အချိန်မှာ စတင်ကျင်းပမှာလဲ

play

 

ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ပိတ်ပွဲအခမ်းအနားကိုတော့ ဗိုလ်လုပွဲအဖြစ် ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်မီ ၁ နာရီအလို ၈ နာရီ ၃၀ မိနစ်မှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားပိတ်ပွဲအခမ်းအနားကို ဘယ်နေရာမှာ ကျင်းပပြုလုပ်သွားမှာလဲ

play

 

ကမ္ဘာ့ဖလားပိတ်ပွဲအခမ်းအနားကို မော်စကိုမြို့မှာတည်ရှိတဲ့ လတ်ဇနီကီဘောလုံးကွင်းကြီးထဲမှာ စည်ကားသိုက်မြိုက်စွာနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်မကစားမီမှာ ပြုလုပ်သွားမှာပါ။ လတ်ဇနီကီကွင်းကြီးဟာ ရုရှားနိုင်ငံရဲ့အကြီးမားဆုံးဘောလုံးကွင်းကြီးဖြစ်ပြီး ထိုင်ခုံပေါင်း ၈ သောင်းအထိ ဝင်ဆံ့ပါတယ်။

လတ်ဇနီကီကွင်းကြီးမှာပဲ ၂၀၁၈ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်၊ အုပ်စုပွဲစဉ်၊ ရှုံးထွက်ပွဲစဉ်၊ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရက်ဒ်ဟော့ချီလီပက်ပါ၊ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနားနဲ့ မက်တယ်လစ်ကာ စတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ဖူးတဲ့ ကွင်းကြီးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်ကိုလည်း လတ်ဇနီကီကွင်းကြီးထဲမှာ လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။

 

၂၀၁၈ ကမ္ဘာ့ဖလားပိတ်ပွဲအခမ်းအနားမှာ ဘယ်သူတွေ ဖျော်ဖြေသွားမှာလဲ

play

 

ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်မတိုင်မီမှာ ပရိသတ်တွေကို ဆွဲဆောင်မှုအပြည့်နဲ့ ဖျော်ဖြေမှုပြုလုပ်သွားမယ့်အစီအစဉ်တွေရှိပါတယ်။ ပိတ်ပွဲအခမ်းအနားအစမှာ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်တဲ့ ဝီလ်စမစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားသီချင်းဖြစ်တဲ့ Live it up ကို နစ်ကီဂျန်နဲ့ ကိုဆိုဗိုအနုပညာရှင် အီရာအစ်စ်ထရီဖီတို့နဲ့ တွဲဖက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားသီချင်းဖျော်ဖြေမှုနဲ့အတူ ရုရှားကချေသည်တွေနဲ့ ယဉ်ကျေးမှုသရုပ်ဖော်အဖွဲ့တွေကလည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ကမ္ဘာပေါ်က အကြီးမားဆုံးအားကစားပွဲတော်ကြီးပါ။ ကျွန်တော် ဒီပြိုင်ပွဲကြီးမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရဖို့ ပြောခဲ့တုန်းက ထင်တောင် မထင်ထားခဲ့ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက မှော်ဆန်တယ်။ ကမ္ဘာကြီးရဲ့စွမ်းအားတစ်ခုပါပဲ။ အဲဒီပြိုင်ပွဲကြီးမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရတာ အရမ်းနှစ်သက်မိပါတယ်"လို့ ဝီလ်စမစ်က ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD