AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား လာပို့တ်ဟာ ပြင်သစ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိပြီး ကမ္ဘာ့ချန်ပီယံဖြစ်သွားတာကို ကြည့်ရင်း မနာလိုစိတ်ဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အက်သလက်တစ်ဘီလ်ဘာအိုအသင်းကနေ မန်စီးတီးအသင်းကို ပေါင် ၅၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လာပို့တ်ဟာ ပြင်သစ်ယူ-၂၁ အသင်းအတွက် ၂၀၁၆ ခုနှစ်က နောက်ဆုံးကစားပေးထားပြီးနောက်ပိုင်း လက်ရွေးစင်အသင်းကြီးမှာ ယနေ့အချိန်အထိ အရွေးမခံရသေးသူဖြစ်ပါတယ်။

play
Photos: Express

ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ လာပို့တ်ဟာ ပြင်သစ်ယူ-၁၇၊ ၁၈၊ ၁၉၊ ၂၁ အသင်းတို့အတွက် ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ပြင်သစ်လက်ရွေးစင်အသင်းကြီးက လူစာရင်းမှာ ထည့်သွင်းခြင်းမရှိသေးတာဖြစ်ပါတယ်။ စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့ လူးဝစ်အန်းနရစ်ဟာ လာမယ့်ယူရို ၂၀၂၀ ပြိုင်ပွဲခြေစစ်ပွဲအတွက် လာပို့တ်ကို စပိန်အသင်းလူစာရင်းထဲမှာ ထည့်သွင်းလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပိန်နိုင်ငံမှာ စတင်ခဲ့တဲ့ လာပို့တ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂျူလန်လော့ပတယ်ဂီကို နိုင်ငံအသင်းပြောင်းလဲကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ မကြာမီမှာပဲ ပြင်သစ်အသင်းက လာပို့တ်ကို ခေါ်ယူခဲ့ပြီး လာပို့တ်ကလည်း မိမိမွေးဖွားရာနိုင်ငံအသင်းအတွက် ကစားပေးဖို့ဆန္ဒရှိကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

play
Photos: BBC

 

ဒါပေမယ့် ဒက်စ်ချမ့်ရဲ့အနာဂတ်စီမံကိန်းမှာ ပါဝင်နိုင်ခွင့်ဆုံးရှုံးခဲ့တဲ့ လာပို့တ်ကို ယခုအပတ် Mundo Deportivo သတင်းမှာ စပိန်လက်ရွေးစင် နည်းပြသစ်ဖြစ်လာတဲ့ လူးဝစ်အန်းနရစ်က ၎င်းရဲ့စိတ်ကို ပြောင်းလဲဖို့ တောင်းဆိုခဲ့ပါတယ်။ စပိန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းရှုံးထွက်အဆင့်ကနေ စိတ်ပျက်စရာလှည့်ပြန်ခဲ့ရပြီး စပိန်နည်းပြသစ် လူးဝစ်အန်းနရစ်က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ဆာဂျီယိုရာမို့စ်နဲ့ ပီကေးတို့ရဲ့နေရာမှာ အစားထိုးရမယ့် နောက်ခံကစားသမားကို ရှာဖွေနေတာဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲစဉ်ကစားဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား အူမရစ်လာပို့တ်ကို စပိန်အသင်းနဲ့ပတ်သက်တဲ့ သတင်းတွေအတွက် သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အခါမှာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာပို့တ်ဟာ ပြင်သစ်အသင်း ကမ္ဘာ့ဖလားရရှိသွားတာကို ကြည့်ရှုနေရတဲ့အချိန်မှာ စိတ်ထဲမှာ ဝမ်းသာသလို ဝမ်းနည်းသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"အရိုးသားဆုံးပြောရမယ်ဆိုရင် ပြင်သစ်အသင်းကမ္ဘာ့ဖလားရသွားတာကို မနာလိုဖြစ်မိပါတယ်"

"ဆုံးဖြတ်ချက်က ချပြီးသားလေ။ အဲဒီတော့ ခင်ဗျားအနေနဲ့ အဲဒါကို လက်ခံရမှာပဲ။ ဘောလုံးမှာတော့ အဲဒီလိုပဲပေါ့။ အဲဒါက ကျွန်တော့်အတွက် အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြင်သစ်အသင်းမှာ ကျွန်တော်ပါတာမှမဟုတ်တာ။ ပြီးခဲ့တဲ့ လူစာရင်းကတည်းက ကျွန်တော် မပါခဲ့ပါဘူး။ လူစာရင်းမှာ ကျွန်တော့်နာမည်ကို မထည့်သွင်းဘဲ ချန်လှပ်ခဲ့တယ်လေ"

"ဒါပေမယ့် ပြင်သစ်အသင်းမှာ ပါဝင်ခွင့်မရတာနဲ့ပတ်သက်ပြီး နည်းနည်းတော့ စိတ်ပျက်မိနေတုန်းပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD